ရန်ကုန်   ၁၆  ဖေဖော်ဝါရီ

ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များ စည်းကမ်းလိုက်နာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်(၁၁)ဆိပ်တို့၌ သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိစေရေးနှင့် ဆောင်းရာသီကာလအတွင်း မြစ်အတွင်း၌ မြူနှင်းများပိတ်ချိန်တွင် ကမ်းမှ ခရီးသည်များတင်ဆောင်ပြီး မထွက်ခွာရေးတို့အတွက် ယနေ့ နံနက်ပိုင်းက သမ္မတကမ်းခြေကူးတို့ဆိပ်မှ စတင်ပြီး စက်တပ်သမ္ဗန် ကူးတို့ဆိပ်များအား မြို့နယ် စက်တပ်ရေယာဉ် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

11

 

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြစ်အတွင်း မြူနှင်းများကျဆင်းနေချိန် မြင်ကွင်းများမရှင်းလင်းပါက ခရီးသည်များ တင်ဆောင်၍ ရေယာဉ်များအား ကမ်းမှထွက်ခွာခွင့် မပြုကြစေရေး၊ သတ်မှတ်ထားသော လူဦးရေထက် ပိုမတင်ကြစေရေး၊ အသက်ကယ်အင်္ကျီများ သတ်မှတ်လူဦးရေနှင့်အညီ တပ်ဆင်ထားရှိစေရေး၊ ခရီးသည်များ အသက်လုံခြုံမှု ရှိစေရေးအတွက် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားကြစေရေးနှင့် ရေယာဉ်မောင်းနှင်းသူများ အရက်သေစာသောက်စားခြင်း မပြုလုပ်စေရေးတို့အတွက် ကူးတို့ဆိပ်များအားလုံးရှိ ဥက္ကဋ္ဌများနှင့် ရေယာဉ်မောင်းနှင်သူများအား ထပ်ဆင့်အသိပေးရှင်းလင်း ပြောကြားခဲ့သည်။

 

22

 

ရန်ကုန်မြစ်တွင်း စက်တပ်သမ္ဗန်များဖြင့် သွားလာနေကြသော ခရီးသည်ပြည်သူများအတွက် အသက်အာမခံနှင့် ပတ်သက်ပြီး ထားရှိပေးထားကြောင်း သိရသည်။ 

“ဒလမြို့နယ်မှာရှိတဲ့ စက်တပ်သမ္ဗန်တွေအားလုံးက နိုင်ငံတော်ကို အခွန်ဆောင်ရတယ်၊ မြန်မာ့အာမခံလုပ်ငန်းမှာ လိုင်စင်ပေးဆောင်တဲ့အခါ အာမခံကြေး(ပရီမီယံ) ပေးသွင်းရတယ်၊ သူတစ်ပါးထိခိုက်မှု အာမခံရှိပြီးသားဖြစ်လို့ မတော်တဆဖြစ်တာ၊ ထိခိုက်ဒဏ်ရာရမယ်ဆိုရင် နစ်နာကြေးရမှာ ဖြစ်ပါတယ်၊ စက်တပ်သမ္ဗန်တွေအားလုံး အာမခံ ထားပြီးပါပြီး၊ သမ္ဗန်စီးတဲ့ ခရီးသည်ပြည်သူအားလုံး အကျုံးဝင်တယ်၊ အသက်အာမခံနဲ့ ပတ်သက်ပြီး စီးနင်းကြတဲ့ ခရီးသည်ပြည်သူတွေ သိရှိကြသူနည်းတယ်၊ တစ်ချို့ကလည်း သိကြတယ်” ဟု မြို့နယ်စက်တပ်ရေယာဉ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောသည်။

 

33

 

ဒလမြို့နယ် ဘက်ကမ်းရှိ သမ္မတကမ်းခြေ၊ ဈေးဆိပ်၊ ဒလသင်္ဘောဆိပ်၊ ဗိုလ်ရန်ပြေ၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင်နှင့် ကျောင်းစု ကူးတို့ဆိပ်တို့မှ ရန်ကုန်မြို့ဘက်ကမ်းရှိ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ စဉ့်အိုးတန်း၊ မော်တင်လမ်းသစ်၊ မော်တင်(ကိုင်းတန်းအမှတ်-၂) ကူးတို့ဆိပ်တို့သို့ စက်တပ်သမ္ဗန်များဖြင့် နေ့စဉ် လုပ်သားပြည်သူ ခရီးသည်ပြည်သူများစွာကို ပို့ဆောင်ပေးလျက်ရှိသည်။

 

44

 

လက်ရှိအချိန်တွင် ဒလမြို့နယ်၌ ပုဂ္ဂလိကပိုင် ကူးတို့သမ္ဗန်ဂိတ် (၆)ဂိတ်ရှိရာ ကမာအောင်ကြီးကြပ်ရေးဂိတ်၌ အစီးရေ ၁၈၀၊ ရေကန်ကြီးကြပ်ရေးဂိတ်၌ ၂၂ စီး၊ တံလျှက်ကြီးကြပ်ရေးဂိတ်၌ ၄၆ စီး၊ ဆာပါချောင် စက်တပ်ရေယာဉ် ကြီးကြပ်ရေးဂိတ်၌ ၄၁ စီး၊ ကျောင်းစု(စက်မြေ) စက်တပ်ရေယာဉ် ကြီးကြပ်ရေးဂိတ်၌ ၂၂ စီး၊ ကျောင်းစု(လက်ခပ်)မှ (စက်တပ်) ကူတို့ဆိပ်၌ ၂၀ စီး၊  သမဝါယမအသင်းပိုင် ကူးတို့သမ္ဗန်ဆိပ် (၅)ဆိပ်ဖြစ်သည့် သမ္မတကမ်းခြေ ကူးတို့ဆိပ်၌ ၃၄ စီး၊ ကမာကသွယ် ကူးတို့ဆိပ်၌ ၃၀ စီး၊ စက်မြေကူးတို့ဆိပ်၌ ၃၃ စီး၊ ကမာကဆစ် ကူးတို့ဆိပ်၌ ၄၁ စီး၊ မှော်စက် ကူးတို့ဆိပ်၌ ၃၅ စီး စုစုပေါင်း ၅၀၄ စီးရှိကြောင်း သိရသည်။

မြို့နယ် စက်တပ်ရေယာဉ်လက်အောက်ရှိ ရေယာဉ်ဆိပ်(၁၁)ဆိပ်တို့၌ နိုင်ငံခြားသားနှင့် နိုင်ငံခြားသားဟု ထင်မှတ်သော ပုဂ္ဂိုလ်များအား မြစ်တွင်းစက်သမ္ဗန်များဖြင့် သွားလာခြင်းကို ခွင့်မပြုကြောင်း၊ ဂိတ်အတွင်းမှသော် လည်းကောင်း၊ အခြားမည်သည့်နေရာမှ လည်းကောင်း၊ ခေါ်ဆောင်ခြင်း (သို့မဟုတ်) တင်ဆောင်ခြင်းများကို ခွင့်မပြုကြောင်း၊ အဆိုပါ နိုင်ငံခြားသားတင်သော ရေယာဉ်မောင်းလုပ်သားကို မိမိဆိပ်ရှိဥက္ကဋ္ဌနှင့် EC အဖွဲ့များမှ အပြစ်ပေး အရေးယူရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားတင်သော စက်မောင်းလုပ်သားအား ရက်နား(၁၀)ရက်နှင့် သမ္ဗန်အား(၂)ရက် ရပ်နားပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓါတ်ပုံ-နိုင်လင်းကျော်(ဒလ)