နေပြည်တော် ၁၆ ဖေဖော်ဝါရီ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးကြီး၏ အတွင်း၊ အပြင် လူသွားလမ်းများတွင် နိုင်ငံတကာအဆင့်မီ မသန်စွမ်းသူများအတွက် သွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိပြီး ယခင်က ယင်းနေရာတွင် ရောင်းချနေသည့် စားသောက်ဆိုင်နှင့် အထွေထွေကုန်ပစ္စည်း အရောင်းဆိုင်များကို အသစ်ပြန်လည်နေရာချထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဈေးစည်ပင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“နိုင်ငံတကာအဆင့်မီ မသန်စွမ်းသူများအတွက် သွားလာရေးအဆင်ပြေဖို့ နိုင်ငံတော်သမ္မတရန်ပုံငွေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဈေးရုံပေါ်အထိ ဝှီးချဲနဲ့တက်နိုင်ဖို့ရယ်၊ အမြင်အာရုံချို့ယွင်းသူတွေအတွက် လမ်းလျှောက်တုတ်နဲ့ သွားနိုင်ဖို့ရယ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ဈေးအုပ်ချုပ်ရေးမှူးက ပြောသည်။
ထိုကဲ့သို့ မသန်စွမ်းသူများအတွက် သွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်ရာတွင် ယခင်ကဈေးရုံအတွင်းရှိ လူသွားစင်္ကြံတွင် ယာယီရောင်းချနေသော စားသောက်ဆိုင်များနှင့် အထွေထွေကုန်ပစ္စည်း အရောင်းဆိုင်များကို ဈေးအနောက်မြောက်ဘက်ရှိ နေပြည်တော်သန်းနိုင် စားသောက်ဆိုင်အနီး ပျံကျဈေးကွင်းပြင်သို့ ပြောင်းရွှေ့ရောင်းချရန် ဆိုင်ခန်းပေါင်း - ၄၇ ခန်းကိုလည်း ဆောက်လုပ်ပေးထားပြီး ဖြစ်သဖြင့် ရောင်းချနေပြီဖြစ်ကြောင်း၊ ယခုအခါ ဆိုင်ခန်းပေါင်း- ၄၇ ခန်းအနက် ၉ ခန်းမှာ လစ်လပ်လျက်ရှိကာ ယင်းအတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ စားသောက်ဆိုင်အနေနဲ့ အခန်းက နည်းနည်းကျဉ်းနေတော့ စားသုံးသူရောင်းချသူအတွက် အခက်အခဲလေးတော့ ရှိပါတယ်။ ဒီထက်ကျယ်၀န်းရင် ပိုပြီးအဆင်ပြေမှာပါ။ ယခုလို သတ်သတ်မှတ်မှတ် နေရာချထားပေးတာကို ကျေးဇူးတင်ပါတယ်”ဟု စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဆောင်ရွက်မှုတွင် မသန်စွမ်းသူများ၏ အခွင့်အရေးအရ သွားလာရေး အဆင်ပြေလွယ်ကူသွားသလို မြို့မဈေးအင်္ဂါရုပ်မှာလည်း ပေါ်လွင်သန့်ရှင်းသွားသောကြောင့် မှန်ကန်သော အစီအစဉ်ကောင်းတစ်ရပ်ဖြစ်ကြောင်း ပြည်သူတချို့က ဝေဖန်သုံးသပ်ပြောကြားမှုများ ရှိသည်။
ကိုပေါက် (ဥက္ကာမြေ)