မိုးကောင်း ၁၆ ဖေဖော်ဝါရီ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့တွင် တည်ထားကိုးကွယ်သည့် ပြည်လုံးချမ်းသာ ရွှေသာလျောင်းမြတ်စွာဘုရားကြီး နှစ်(၁၅၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့မှစတင်၍ ဖေဖော်ဝါရီ ၂၃ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

3210

 

ယနေ့နံနက် ၅ နာရီခွဲတွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ၌ ပင့်သံဃာအပါး (၅၀)တို့အား အာရုံဆွမ်းကပ်ခြင်းဖြင့် လည်းကောင်း၊ နံနက် ၈ နာရီခွဲတွင် ဝတ်အသင်းသူဝတ်အသင်းသားများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဆွမ်းတော်ကြီးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဓမ္မစကူးလ်ကျောင်းသား ကျောင်သူများနှင့် တာဝန်ရှိသူများက လိုက်ပါလျက် မြို့တွင်း၌ ဗုဒ္ဒရုပ်ပွားတော်မြတ်အား ဒေသစာရီကြွချီပူဇော်ခြင်းဖြင့် လည်းကောင်း ကျင်းပသည်။

 

3337

 

ထို့နောက် မင်္ဂလာအချိန်ကျရောက်သည့် မွန်းတည့် ၁၂ နာရီတိတိတွင် မြို့နယ်သံဃာ့နာယက ဒုတိယဥက္ကဋ္ဌ သောင်ဦး ဆရာတော် ဦးဓမ္မသာရနှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များဖြစ်သည့် ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်းမောင်မြင့် (ခ) ဦးဒိပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦရန်နိုင်ထွန်း၊ ရွှေသာလျောင်းဘုရားဂေါပကဥက္ကဋ္ဌ ဦးလှထွန်းတို့က ဗုဒ္ဓပွဲပူဇနိယပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ 

 

3603

 

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆိုပြီး မြို့နယ်သံဃာ့နာယက ဒုတိယဥက္ကဋ္ဌ သောင်ဦး ဆရာတော်ထံ ငါးပါသီလ ခံယူတည်ဆောက်ကြသည်။

ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ဆရာတော်များထံ လှူဖွယ်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက သာသနာရေးရာများ လျှောက်ထားကာ ဇာတ်မင်းသားရွှေမန်းချမ်းသာက ဘုရားကြီးဘုန်းတော်ဘွဲ့ရတု၊ တေးထပ်ကဗျာကိုလည်းကောင်း မြို့ပေါ်ဝတ်အသင်းသူများက ဓမ္မတေးလင်္ကာရတေးကဗျာကို လည်းကောင်းဆိုင်းအဖွဲ့ဖြင့် တွဲဖက်သီဆိုပူဇော်ကြသည်။

ယင်းနောက် မြို့နယ်သံဃာ့နာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် မြို့ရှေ့ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာရေစက်ချတရား ချီးမြှင့်တော်မူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ပြီးမြောက်ခဲ့သည်။

ပြည်လုံးချမ်းသာ ရွှေသာလျောင်းမြတ်စွာဘုရားကြီးသည် ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ရေးအတွက် ပဉ္စမသင်္ဂါယနာတင်ဘဝရှင် မင်းတုန်းမင်းတရားကြီးလက်ထက် သာသနာတော်နှစ် (၂၄၁၂)၊ ကောဇာသက္ကရာဇ် (၁၂၃၀) တပို့တွဲလပြည်ကျော် (၂)ရက်နေ့တွင် စတင်တည်ခဲ့၍ ယခုနှစ်သည် (၁၅၀)ပြည့်နှစ်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကို ယနေ့မှစတင်၍ (၂၃)ရက်ထိ (၈)ရက်တိုင်တိုင် ရုံဖွင့်ရုံပိတ်ဇာတ်များ၊ ပွဲဈေးများဖြင့် စည်ကားစွာကျင်းမည်ဖြစ်ပြီး လူသစ်တန်းနှင့် လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားကို နေ့စဉ်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)