မိတ္ထီလာ ၁၇ ဖေဖော်ဝါရီ
မိတ္ထီလာမြို့နယ်၌ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုံ ဧက ၁၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးတွင် ဝတ်ရေးအတွက် အဝတ်အထည် ဝတ်ဆင်ရန် သွင်းကုန်အခန်းကဏ္ဍ၌ တတိယနေရာတွင် ရှိနေပြီး ပြည်တွင်းဝတ်ရေးအတွက် လုံလောက်မှုကို အထောက်အကူဖြစ်စေရန် မိုးကြိုချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀) အထူးဇုံ ဧက(၅၀)ကို ကန်နီကျေးရွာတွင် စိုက်ပျိုးသွားမည်ဖြစ်ပြီး (ရွှေတောင်-၈) အထူးဇုံ ဧက(၅၀)ကို အောင်ကန်ကျေးရွာတွင် စိုက်ပျိုးသွားမည့် ဖြစ်ရာ ဒေသခံဝါသီးနှံစိုက်တောင်သူများအား ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်စေရန်၊ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်း ကို တောင်သူတစ်ဦးမှ တောင်သူအစုအဖွဲ့အထိ ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်တက်စေရန်နှင့် ဝါသီးနှံစိုက်ပျိုးရာတွင် ခေတ်မီသိပ္ပံနည်းကျ စိုက်နည်းစနစ်ကိုကျင့်သုံးခြင်းဖြင့် တစ်ဧက အထွက်နှုန်းတိုးတက်၍ တောင်သူများ ဝင်ငွေတိုးစေပြီး လူမှု့ဘဝဖွံ့ဖြိုးတိုးတက်စေရန်” မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ပြောကြားခဲ့သည်။
၎င်းအပြင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန၏ အဓိကတာဝန်ကြီး(၃)ရပ်ဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ရေး၊ တောင်သူလယ်သမားများ ခေတ်မီစိုက်ပျိုးနည်းပညာများ ရရှိအသုံးပြုနိုင်စေရေး လေ့ကျင့်ပညာပေးရေး၊ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များထုတ်လုပ်ပေးနိုင်ရန်နှင့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ သုတေသနပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်နှင့်အညီ မိုးကြိုချည်မျှင်ရှည်ဝါစိုက်ပျိုးမည့် တောင်သူများအား ဖေဖော်ဝါရီ လ ၁၄ ရက်နေ့က သင်တန်းများဖွင့်လှစ်ပြီး ခေတ်မီမြေယာ ပြုပြင်မှုများ၊ အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်ရန်နှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ၊ သီးနှံကာကွယ်ရေးနည်းများစသည့် ဘာသာရပ်များကို ပို့ချသင်ကြားပေးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


