မန္တလေး ၁၇ ဖေဖော်ဝါရီ 

ယခုနှစ် မတ်လတွင် ကျင်းပမည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်း ဒေသကြီးမှ ဖြေဆိုရန်လျှောက်ထားသူ ၁၃၃၄၁၅ ဉီးအတွက် စာစစ်ဌာန ၂၂၀ ခု ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း၌ ယမန်နှစ်ထက် ဖြေဆိုရန် လျှောက်ထားသူဦးရေ ပိုမိုများပြားလာ သည့်အတွက် စာစစ်ဌာနများလည်း တိုးချဲ့ဖွင့်လှစ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောသည်။

 

‌ေ

 

''ဒီနှစ် မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျွန်တော်တို့ မန္တလေးတိုင်းက ဖြေဆိုဖို့ လျှောက်ထားသူဦးရေ မနှစ်ကထက် တစ်သောင်းကျော် ပိုမိုများပြားလာတဲ့အတွက် စာစစ်ဌာန တွေလည်း တိုးချဲ့ဖွင့်လှစ်ပေးဖို့ စီစဉ်ထားပါတယ်။ မနှစ်က တစ်တိုင်းလုံးမှာ စာစစ်ဌာန ၂၀၃ ခု ဖွင့်လှစ်ပေးခဲ့ပါတယ်။ စာစစ်ဌာနတစ်ခုကို စာဖြေသူ ၈၀ဝ လက်ခံပြီး စာသင်ခန်းတစ်ခန်းကို ဖြေဆိုသူ ၃၀ ဦး ဖြေဆိုရမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။

ထို့အပြင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ အကြားအာရုံ မသန်စွမ်း သူ ၁၁ ဦးနှင့် အမြင်အာရုံမသန်စွမ်းသူ ၉ ဦး စုစုပေါင်း ၂၀ ဦး ဖြေဆိုရန် လျှောက်ထားကြပြီး မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာနမှ ဖြေဆိုရန်လျှောက်ထားသူ ၈၂ ဦးရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၁၁၉၂၁၀  ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အောင်မြင်သူ ၄၃၀၇၅ ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ ရာခိုင်နှုန်း ရှိခဲ့သည့်အပြင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း ခြောက်ဘာသာဂုဏ်ထူးရှင် အများဆုံး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)