နေပြည်တော် ၁၇ ဖေဖော်ဝါရီ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယမန်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် ဘားအံမြို့ရှိ Hotel Than Lwin Paradise ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးတင်လတ်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ အနေဖြင့် သက်ဆိုင်ရာဒေသ လိုအပ်မှုအပေါ်မူတည်၍ ခရိုင်၊ မြို့နယ်အဆင့် ခရီးစဉ်စီမံခန့်ခွဲမှုအဖွဲ့ (DMO) များကို ဖွဲ့စည်းဆောင်ရွက်စေလိုကြောင်း၊ ထို့အပြင် ဟိုတယ်များတွင် Guest List Information Management Application များကို ဧည့်စာရင်းအစား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် အသုံးပြုနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ဝန်ကြီးဌာန၏ Website နှင့် Web portal တို့ကို လွှင့်တင်ထားရှိပြီး Online မှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် မြှင့်တင်ဆောင်ရွက် လျက်ရှိသည့်အပြင် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ခရီးသွားလာရေး Website များနှင့် Link ချိတ်ဆက် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည့်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါကြောင်း၊ သတင်းအချက်အလက်နှင့် နည်းပညာကို အခြေခံသော Digital Marketing စနစ်ဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း ပြည်ပ ခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် အများသုံး သန့်စင်ခန်းများကို စနစ်တကျ ထားရှိ၍ ခရီးစဉ်ဒေသ သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်ရေးတို့အတွက် အသိပညာပေးခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းလှိုင်က ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်များက ကရင်ပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဆဒ္ဒန်ဂူသို့ သွားရောက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂူအတွင်းသို့ မြစ်ရေတင်၍ ရေဖြည့်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုလေ့လာခဲ့ပြီး ကြာအင်းတောင်ပေါ်သို့ သွားရောက်ကာ မြန်မာ-ဂျပန်ချစ်ကြည်ရေး အထိမ်းအမှတ် ချယ်ရီပန်းပင်များ စိုက်ပျိုးမည့်မြေနေရာများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဘားအံမြို့ ကမ်းနားလမ်းရှိ ညစျေး ဆောင်ရွက်နေသည့်နေရာအား သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ကရင်ပြည်နယ်၏ အထင်ကရခရီးစဉ်ဒေသများဖြစ်သည့် ရသေ့ပြန်ဂူနှင့် ကော့ဂွန်းဂူသို့ သွားရောက်၍ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


