ဟားခါး  ၁၈   ဖေဖော်ဝါရီ        

                         

၂၀၂၀ ပြည့်နှစ် ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့၌ နိုင်ငံတော်အဆင့် ပထမဦးဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ချင်းအမျိုးသား နေ့ နီးကပ်လာသည်နှင့် ချင်းတိုင်းရင်းသားရိုးရာ အဝတ်အထည်များ အသုံးအဆောင် ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ ရောင်းအားကောင်းလျက်ရှိကြောင်း ထန်တလန်မြို့မှ ချင်းရိုးရာ အဝတ်အထည်များ ရောင်းချလျက်ရှိသော ဈေးသည်များထံမှ သိရှိရသည်။

 

952252054054

 

ချင်းရိုးရာအဝတ်အထည်များတွင် စက်ရုံထုတ်အဝတ်အထည်များကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ်သို့ အများဆုံးတင်သွင်းရောင်းချလျက်ရှိပြီး ခေတ်နှင့်လိုက်လျောညီစွာ အဆင်လှခြင်း ဒီဇိုင်းဆန်းဆန်းလေးများ ထွက်ရှိခြင်းတို့ကြောင့် အမျိုးသမီးများ အကြိုက်များပြီး မိန်းကလေးငယ်များအတွက် ချင်းရိုးရာလည်ဆွဲနဲ့ လက်ဝတ်အထည်အမျိုးမျိုးလည်း ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။

 

"ချင်းအမျိုးသားနေ့ နီးလာတိုင်း ဈေးရောင်းလို့ကောင်းပါတယ်။ ဒီနှစ်မှာ ထန်တလန်မှာ ပထမဦးဆုံးအကြိမ် နိုင်ငံတော်အဆင့် ချင်းအမျိုးသားနေ့လုပ်ဖြစ်တာဆိုတော့ ပွဲတော်နီးလာလေ ရောင်းအား ကောင်းလေပါပဲ။ ပစ္စည်းတွေ ထပ်မှာနေရတယ်။ ပွဲတော်ရက်တွေမှာတော့ ဆိုင်ကြီးတွေတင် မဟုတ်ဘူး ဆိုင်လေးတွေနဲ့ လမ်းဘေးကယာယီရောင်းချတဲ့ဆိုင်လေးတွေလည်းအထိုက်အလျောက် ရောင်းချကြရတယ်။အများဆုံး ရောင်းချရတာကတော့ အဆင်လှလှ ဒီဇိုင်းလှလှနဲ့ ဈေးနှုန်းလည်း သက်သာတဲ့ စက်ယက်အထည်တွေပါ။ အမျိုးသားဝတ် ချင်းရိုးရာကုတ်တွေလည်း အရင်နှစ်က ထက်စာရင် ရောင်းရပါတယ်။ဧည့်သည်တွေကို လက်ဆောင်ပေးဖို့ ပွဲတော်မှာဝတ်ဖို့ ဝယ်ကြတယ်"ဟု ထန်တလန်မြို့ ချင်းရိုးရာအဝတ်အထည် ရောင်းဆိုင်ရှင်ကဆိုပါတယ်။

 

၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကိုထန်တလန်မြို့ အမှတ်၃ ရပ်ကွက် အထက ၂ အနီးဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားရုံ တို့တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ထန်တလန်မြို့သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ ဖိတ်ကြားထားသူများ လာရောက်လျက်ရှိပြီး ဟိုတယ်နှင့် တည်းခိုခန်းများအားလုံး ဧည့်သည်များနှင့် ပြည့်နှက်နေပြီဖြစ်ကြောင်း၊ ပွဲတော်ရက်နီးလာပြီဖြစ်ရာ လာရောက်သည့် ဧည့်သည်များက ချင်းရိုးရာ အဝတ်အထည်များကို နှစ်သက်အားပေးကြသည့်အတွက် ချင်းရိုးရာ အဝတ်အထည်များ ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရသည်။

 

 မြင့်နိုင်စိုး (ပြန်ဆက်)

 

852