ရန်ကုန် ၁၈  ဖေဖော်ဝါရီ

           

ရန်ကုန်မြစ်အတွင်း ယနေ့ နံနက် စောစောပိုင်းအချိန်၌  အချိန်ကြာမြင့်စွာ မြူနှင်းပိတ်မှုကြောင့် ဒလမြို့နယ်မှ တစ်ဆင့် ရန်ကုန်မြို့သို့ အလုပ်သွားကြမည့် ခရီးသည်များ နှင်းကွဲချိန်အထိ စောင့်ဆိုင်းနေရပြီး ဒလဘက်ကမ်း သင်္ဘောဆိပ်နှင့် စက်တပ်သမ္ဗန်ကူးတို့ဆိပ်များတွင် အလုပ်သမားများ၊ အစိုးရဝန်ထမ်းများ၊ အနယ်နယ်အရပ်ရပ်မှ ခရီးသည်များ စုပြုံမှုဖြစ်ပေါ်ခဲ့ရာ နှင်းကွဲချိန် မြင်ကွင်းများ ရှင်းလင်းချိန်တွင် ရေယာဉ်များပုံမှန်ပြေးဆွဲလျက်ရှိကြောင်း မြင်တွေ့ရသည်။

 

56

           

ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသော ချယ်ရီသင်္ဘောမှ တာဝန်ရှိသူတစ်ဦးက “ နံနက် အစောပိုင်းကတည်းက နှင်းပိတ်နေတာဖြစ်လို့ မနက်ပိုင်း(၄)ခေါက် မထွက်ခွာဖြစ်ဘူး၊ ခေတ္တကမ်းမှာ ရပ်ထားရတယ်၊ နံနက် ၈ နာရီမှာ တစ်ခေါက်၊ ၈ နာရီခွဲမှာ တစ်ခေါက် နှင်းကွဲလို့ ပြန်လည်ပြေးဆွဲတယ်၊ နှင်းက တစ်ဖြည်းဖြည်းကျတော့ မြင်ကွင်းမရှင်းလင်းရင် မထွက်ခွာဘူး၊ မြင်ကွင်း ရှင်းလင်းပြီးဆိုမှ ကမ်းကနေ ထွက်ပါတယ် ” ဟုပြောကြားသည်။

           

ထို့အတူ ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ်(၁၁)ဆိပ်တို့တွင် နံနက် ၅ နာရီခွဲ အချိန်မှ ၈ နာရီခွဲ အချိန်ထိ နှင်းပိတ်မှုကြောင့် သမ္ဗန်ဂိတ်များအားလုံးအား ပိတ်ထားခဲ့ရကြောင်း၊ ခရီးသည်များ တင်ဆောင်ပြီး ကမ်းမှ မထွက်ခွာရေးအတွက် ရေယာဉ်ဥက္ကဌများနှင့် တာဝန်ရှိသူများက အနီးကပ်ကြပ်မတ်လျက်ရှိကြောင်း၊ စည်းကမ်းမလိုက်နာပါ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒလဘက်ကမ်းနှင့် ရန်ကုန်ဘက်ခြမ်းတို့ရှိ စက်တပ်သမ္ဗန်ဂိတ်များ အားလုံးတွင် အသိပေးစာများ ကပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်ငြိမ်းက ပြောသည်။

 

56

           

ဆောင်းရာသီကာလအတွင်း ဖြစ်ပေါ်တက်သည့် မြူနှင်းကျခြင်းကြောင့် ရေကြောင်းခရီးဖြင့် နေ့စဉ်သွားလာ နေကြသော ဒလမြို့သူမြို့သားများ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များမှ ပြည်သူများ၊ ဧရာဝတီတိုင်းဒေသကြီးမှ ခရီးသည်များနှင့် လုပ်သားပြည်သူများစွာ တို့သည် ဒလဘက်ကမ်းမှ တစ်ဆင့် ရန်ကုန်ဘက်ကမ်းသို့ နေ့စဉ် ကူးသန်းသွားလာရာတွင် မြစ်အတွင်း နှင်းပိတ်မှုဖြစ်စဉ်ကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓါတ်ပုံ-နိုင်လင်းကျော်(ဒလ)

 

8768