ကလော ၁၈ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပဲရင်းတောင်ကျေးရွာအုပ်စု ဖောင်းသင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲက One State - One Township Project အမှိုက်ကင်းစင်ရေး၊ မူးယစ်ကင်းစင်ရေး ကျေးလက်စကားဝိုင်း ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ပဲရင်းတောင်ကျေးရွာအုပ်စုနှင့် ကျေးရွာပေါင်း ၈ ရွာ မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း က One State - One Township Project အမှိုက် ကင်းစင်ရေးနှင့် မူးယစ်ကင်းစင်ရေး ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ ကျေးရွာများအား အမှိုက်ကင်းစင်ရေးအတွက် အမှိုက်ပုံးများထားရှိရန်၊ အမှိုက်ကို စနစ်တကျစွန့်ပစ်ကျစေရန်နှင့် တစ်ပတ်တစ်ကြိမ် စုပေါင်း အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ကြရန်နှင့် မူးယစ်ကင်းစင်ရေးအတွက် မူးယစ်ဆေးဝါးရောင်းချသူများနှင့် သုံးစွဲသူများမရှိအောင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်စေလိုကြောင်း၊ ဆေးသုံးစွဲသူနှင့်ရောင်းချသူများရှိပါက သက်ဆိုင်ရာကို အကြောင်းကြားစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက မိမိတို့ကျေးရွာဒေသ အခက်အခဲများနှင့် အမှန်တကယ်လိုအပ်လျက်ရှိသော ကျေးရွာလမ်း၊ တံတားနှင့် စာသင်ကျောင်းတို့အတွက် တင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်သည့် ဌာနဆိုင်ရာများ နှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


