နေပြည်တော် ၁၈ ဖေဖော်ဝါရီ

 

သစ်တောဆိုင်ရာလုပ်ပိုင်ခွင့်များ ဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ (Forest Tenure Assessment) ဆောင်ရွက်ရန်အတွက် အကျိုးဆက်စပ်သူများပါဝင်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ကျင်းပသည်။

 

သစ်တောဆိုင်ရာ လုပ်ပိုင်ခွင့်များ ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ပတ်သက်၍ဆန်းစစ် အကဲဖြတ်ခြင်း နည်းလမ်းများနှင့် အကဲဖြတ်ရမည့်အချက်များကို ချပြရှင်းလင်းပြီး အကြံဉာဏ်များ ရယူနိုင်ရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၃) ရက်တွင် နေပြည်တော်၊ ဟိုတယ်အမရာ၌ “အကျိုးဆက်စပ် ပတ်သက်သူများပါဝင်သည့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး” ကို ပထမဆုံးကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေး၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီစေမည့် “သစ်တောဆိုင်ရာလုပ်ပိုင်ခွင့်များ ဆန်းစစ်အကဲဖြတ်ခြင်း မူဘောင် (Framework)” ကို ပင်မခေါင်းစဉ် (၆) ခုဖြင့် ပြုစုနိုင်ခဲ့သည်။

 

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း အထက်မြန်မာပြည် ကိုယ်စားပြု၊ အောက်မြန်မာပြည် ကိုယ်စားပြုတို့ဖြင့် တိုင်းဒေသကြီးအဆင့် အလုပ်ရုံဆွေးနွေးပွဲတို့ကို မန္တလေးမြို့နှင့်ပဲခူးမြို့တို့တွင် ကျင်းပခဲ့ပြီး ထိုအလုပ်ရုံဆွေးနွေးပွဲများတွင် ဌာနအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက “သစ်တောဆိုင်ရာ လုပ်ပိုင်ခွင့်များ ဆန်းစစ်အကဲဖြတ်ခြင်း မူဘောင် (Framework)” ၏ ပင်မခေါင်းစဉ်များ၊ ဆန်းစစ်မေးခွန်းများနှင့်ပတ်သက်ပြီး အင်တိုက်အားတိုက် အကြံပြု ဆွေးနွေးပေးခဲ့သည်။

 

ဆက်စပ်ပတ်သက်သူများနှင့် ရရှိနိုင်သည့် သတင်းအချက်အလက်များအပေါ် အခြေခံပြီး “သစ်တောဆိုင်ရာ လုပ်ပိုင်ခွင့်များ ဆန်းစစ်အကဲဖြတ်ခြင်းမှ ကနဦးလေ့လာ တွေ့ရှိချက်များ အစီရင်ခံစာ(မူကြမ်း)” အဖြစ်ပြုစုခဲ့ပြီး ယခု(၂)ရက်တာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြုစုထားပြီးဖြစ်သည့် ကနဦးလေ့လာတွေ့ရှိချက်များ ပါဝင်သည့် အစီရင်ခံစာ (မူကြမ်း) အပေါ်တွင် ဝိုင်းဝန်းဆွေးနွေးပြီး ဖြည့်စွက်အကြံပြုပေးကြမည်ဖြစ်ကြောင်း သိရသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရေးရာကော်မတီဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှ အရာရှိကြီးများ၊ ကမ္ဘာ့ဘဏ်၊ မြေယာမဏ္ဍိုင်အဖွဲ့ နှင့် NGO ၊ INGO များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန့်ဇော်