နေပြည်တော် ၁၈ ဖေဖော်ဝါရီ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပြည့်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေနံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်မင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှုချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်မင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန် ဦးကျော်စိုး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းတို့က သင်တန်းကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်းကျောင်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို အဆိုပါသင်တန်းကျောင်း Class Room(1)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားပြီး သင်တန်းကျောင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၂၆) အနီးတွင် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကျောင်း၏ ရည်မှန်းချက်မှာ ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေးစနစ်ကို တည်ထောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် ဖြစ်ကြောင်းသိရသည်။ 

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစွမ်းရည်များကို မြှင့်တင်ပေးရန်နှင့် စွမ်းဆောင်ရည်ပြည့်၀ပြီး ထိရောက်မှုရှိ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အားလုံးပါဝင်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကိုရရှိရန် မျှော်မှန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်သည့် အဆိုပါသင်တန်းကျောင်း၌ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာအခြေခံများ၊ စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ စာရင်းပြုစုခြင်းနှင့် စာရင်းစစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စသည့် ဘာသာရပ်လေးခုကို တစ်နှစ်လျှင်နှစ်ကြိမ် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာအလေ့ကျင့်ကောင်းများကို အထူးသင်တန်းအဖြစ် ပို့ချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဟန်လင်းနိုင်(သတင်းစဉ်)