ဖေဖော်ဝါရီ ၁၈
လုပ်ငန်းလိုင်စင်ထုတ်ပေးထားသည့် ပြည်တွင်းပြည်ပ အာမခံကုမ္ပဏီ ၁၁ ခုမှ မတည်ရင်းနှီးငွေ ကျပ် ၆၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၂၇ သန်းကျော်ရှိကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် အဆိုပါဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
အဆိုပါ အာမခံလုပ်ငန်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၀န်ကြီးဌာန၊ ငွေရေးကြေးရေး စိစစ်ရေး ကြီးကြပ်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ကုမ္ပဏီ ၁၁ ခုအား လုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီး ယင်းလုပ်ငန်းများသည် MIC ဥပဒေအောက်တွင် မရှိသော်လည်း မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ အဆိုပါ အာမခံလုပ်ငန်းများ၏ မတည်ရင်းနှီးငွေ ပမာဏမှာ ဖက်စပ်အထွေထွေအာမခံသုံးခုမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၄၃ သန်းနှင့် ကျပ် ၅၆ ဒသမ ၇ ဘီလီယံ၊ ဖက်စပ် အသက်အာမခံကုမ္ပဏီသုံးခုမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇ သန်းနှင့် ကျပ် ၁၀ ဒသမ ၆၁ ဘီလီယံ၊ နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီငါးခုမှ အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၉ သန်း ဖြစ်သည့်အတွက် စုစုပေါင်း အာမခံကုမ္ပဏီ ၁၁ ခု မှ မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၀၄၄ သန်းနှင့် ကျပ်ငွေ ၆၇ ဘီလီယံရှိကြောင်း သိရသည်။
ထို့ကြောင့် စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု၀န်ကြီးဌာန၊ ငွေရေးကြေးရေး စိစစ်ရေးကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပေးထားသည့် အာမခံကုမ္ပဏီများ၏ မတည်ရင်းနှီးငွေ ပမာဏမှာ ၁၂၇ ဒသမ ၀၄၄ သန်း ရရှိထားသည့်အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉ ဘီလီယံ၊ အထူးစီးပွားရေးဇုန် ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၁၀၂ သန်းဖြစ်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၂ ဘီလီယံ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အဆိုပါ လုပ်ကိုင်ခွင့်ရရှိထားသည့် ဖက်စပ်အသက်အာမခံကုမ္ပဏီသုံးခုမှာ Capital Life Insurance Limited နှင့် Taiyo Life Insurance Company Limited ၊ Citizen Business Insurance Public Limited နှင့် Thai Life Insurance Public Company Limited၊ ရွှေတောင်လုပ်ငန်းစုပိုင် Grand Guardian Life Insurance Company Limited နှင့် Nippon Life Insurance Company တို့ဖြစ်သည်။
ထို့ပြင် ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ သုံးခုမှာ Max Myanmar ကုမ္ပဏီအုပ်စုမှ ပိုင်ဆိုင်သည့် AYA Myanmar General Insurance Company Limited နှင့် Sompo Japan Nipponkoa Insurance၊ ရွှေတောင်လုပ်ငန်းစုပိုင် Grand Guardian General Insurance Company နှင့် Tokio Marine and Nichido Fire Insurance Company ၊ KBZ အုပ်စုမှပိုင်ဆိုင်သည့် IKBZ Insurance Company နှင့် Mit-sui Sumitomo Insurance Company တို့ဖြစ်သည်။
ထို့ပြင် ရာခိုင်နှုန်းပြည့်ပိုင်ဆိုင်သည့် နိုင်ငံခြား အသက်အာမခံကုမ္ပဏီငါးခုမှာ AIA Myanmar Life Insurance ၊ Chubb Life Insurance Myanmar ၊ Dai-ichi Iife Insurance Myanmar Ltd ၊ Manulife Myanmar Life Insurance Company Limited ၊ Prudential Myanmar Life Insurance Limited တို့ဖြစ်သည်။
ငြိမ်းငြိမ်း


