နေပြည်တော် ၁၈ ဖေဖော်ဝါရီ
ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shops)များ ထူထောင်ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)များ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ လုပ်ငန်းကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၀) တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့ဝန်ဆောင်မှုရုံး ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးတင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းလာရေးကို ဦးတည်လျက် ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သောဝန်ဆောင်မှု အလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့်ဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှုတိုးပွားလာစေရန်နှင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဦးစီးဌာနများအလိုက် အပြန်အလှန်ထိန်းကျောင်းမှုများပြုနိုင်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ပြည်သူ့ဝန်ဆောင်မှုရုံးများကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်(၇)ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအချိန်အထိ(၃၁၆)ရုံး ဖွင့်လှစ်နိုင်ခဲ့ကြောင်း။
ပထမဒီမိုကရေစီအစိုးရသက်တမ်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀-၅-၂၀၁၅ ရက်စွဲပါစာအရ ဉက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့ပါဝင်သော စုစုပေါင်း(၁၆)ဦးဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံးများ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် လက်ရှိ ဒုတိယဒီမိုကရေစီအစိုးရ သက်တမ်းတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၁၂)ဦး စုစုပေါင်း(၁၅)ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းသည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် စတင်ခဲ့သော လုပ်ငန်းဖြစ်သော်လည်း အရှိန်အဟုန်နှင့် အောင်မြင်ဖို့ရာ စိန်ခေါ်မှုများ၊ ကန့်သတ်ချက်များရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းကန့်သတ်ချက်များနှင့်စိန်ခေါ်မှုများကို တတ်နိုင်သမျှ ဖြေရှင်းပေးရန်နှင့် မိမိဌာနအလိုက် စွမ်းဆောင်မှု အရှိန်အဟုန်မြှင့်တင်ပေးရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြီးကြပ်ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပါဝင်သော ဌာနများမှ ဝန်ထမ်းများကိုလည်း လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်နည်းစနစ်ကို ဖြေလျော့ပေးနိုင်သမျှ ဖြေလျော့ပေးခြင်းများ ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးက ပြည်သူ့ဝန်ဆောင်မှုရုံးများ၌ ကြီးကြပ်သူ အရာရှိဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း (၆)ကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုပါကြောင်း တင်ပြသည်။
တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များနှင့် ဌာနအကြီးအကဲများမှ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးတင်မြင့်က အစည်းအဝေးတက်ရောက်လာကြသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


