နေပြည်တော် ၁၈ ဖေဖော်ဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Norwegian People's Aid (NPA) အဖွဲ့အစည်း၏ Country Director ဖြစ်သူ Ms. Marte Graff Jenssen ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာအား အတည်ပြုမိတ်ဆက်ခဲ့ပြီးနောက် ပြန်လည်နေရာချထားရေး လုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေး ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် အခြေအနေများ၊ မိုင်းအန္တရာယ်ကင်းစင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အာဆီယံဒေသတွင်း မိုင်းစင်တာ(ARMAC) အပါအဝင် NPA အဖွဲ့အစည်းကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများနှင့် မိုင်းဒဏ်ခံစားခဲ့ရသူများအား ထောက်ပံ့ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ လမ်းညွှန်ဦးဆောင်ပေးနိုင်မည့် မိုင်းအာဏာပိုင်အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်နိုင်ရေး ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး Norwegian People's Aid (NPA)က အစိုးရဦးဆောင်မှုဖြင့် ဆောင်ရွက်မှုတိုင်းတွင် အပြည့်အဝ ပူးပေါင်းကူညီမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


