နေပြည်တော် ၁၈ ဖေဖော်ဝါရီ

 

အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များ၊ MSME ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ပရောက် မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးနှင့် မိမိနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises - MSME) ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊ ယခုအခါ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်ဘဏ္ဍာငွေကြေးများ ရရှိနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက MSME ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း။

 

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် MSME လုပ်ငန်းများအတွက် ချေးငွေများကို အတိုးနှုန်း ၉ရာခိုင်နှုန်းဖြင့် ချေးငွေကာလ (၃)နှစ်မှ (၅)နှစ်အထိ သတ်မှတ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ထို့အပြင် JICA Two-Step Loan ချေးငွေ ရယူ၍ (Phase-1) ချေးငွေအား ပုဂ္ဂလိကဘဏ် (၆) ဘဏ်မှတစ်ဆင့် လည်းကောင်း၊ (Phase-2) ချေးငွေအား ပုဂ္ဂလိကဘဏ် (၁၁) ဘဏ်မှတစ်ဆင့် လည်းကောင်း MSME လုပ်ငန်းများသို့ ချေးငွေများအား အတိုးနှုန်း ၈ဒသမ၅ ရာခိုင်နှုန်း၊ ချေးငွေကာလ (၃) နှစ်မှ (၅) နှစ်အထိ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KfW) မှလည်း အထောက်အပံ့များရယူ၍ ပုဂ္ဂလိကဘဏ် (၂) ဘဏ်မှတစ်ဆင့် MSME လုပ်ငန်းများသို့ အတိုးနှုန်းသက်သာသည့်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပုံမှန်ထုတ်ချေးနေသော စိုက်ပျိုး စရိတ်ချေးငွေများအပြင် JICA Two-Step Loan ချေးငွေ ရယူ၍ လယ်ယာသုံးစက် ကိရိယာများဝယ်ယူရေးအတွက် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ (၃) နှစ်မှ (၅) နှစ်အထိ သတ်မှတ်ပြီး ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်မှ Two-Step Loan ချေးငွေအဖြစ် ငွေကျပ် (၂၀၀) ဘီလီယံကို  တောင်သူလယ်သမားများသာမက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များအတွက် လုပ်ငန်းသုံး စက်ကိရိယာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းများအတွက် အတိုးနှုန်း ၉ ရာခိုင်နှုန်း ဖြင့် ၃ နှစ်၊ ၅ နှစ် သက်တမ်းရှိသော ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ နောင်အခါတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့သည် လယ်ယာကဏ္ဍအပါအဝင် MSME ကဏ္ဍသို့ ချေးငွေအမျိုးအစားများစွာကို တိုးချဲ့ထုတ်ချေးနိုင်ရန်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် MSME ချေးငွေရရှိရေးအတွက် အပေါင်ပစ္စည်း မပေးနိုင်သော်လည်း risk base အပေါ် အခြေခံ၍ အတိုးနှုန်းသတ်မှတ်ပြီး ထုတ်ချေးနိုင်ရေး မကြာမီ စမ်းသပ်စီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများက MSME ချေးငွေထုတ်ချေး လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးများက မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များ၊ MSME ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပေါင်းစပ်ညှိနှိုင်းရန်လိုအပ်သည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများက ရှင်းလင်းဆွေးနွေးဖြေကြားသည်။

 

အဆိုပါ အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံ/ဘဏ္ဍာ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်