ယင်းမာပင် ၁၈ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ရေလျှံဇုန်အတွင်းရှိ ရွာသာကျေးရွာနှင့် လည်ငေါက်ကျေးရွာများတွင် ယနေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် International Water Management Institute (IWMI) တို့မှ ပညာရှင်များက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယင်းမာပင်ရေလျှံဇုန်အတွင်း ရေလျှံတွင်း အသုံးပြုမှုအခြေအနေများ၊ ရေလျှံတွင်းတူးရခြင်း အကြောင်းအရင်းများ၊ ရေထွက်နှုန်းများ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကို သိရှိနိုင်စေရန်နှင့် မြေအောက်ရေ အထွက်နှုန်းကျဆင်းမှုများကို ထိန်းချုပ်နိုင်မည့်နည်းလမ်းများ ရရှိစေရန်အတွက် ကျေးလက်ဒေသနေ ရေလျှံတွင်းအသုံးပြုသည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။
“သူတို့က ယင်းမာပင် ရေလျှံဇုန်အတွင်းမှာ ဘာသီးနှံတွေ စိုက်ပျိုးကြသလဲ၊ တစ်နှစ်ကို သီးနှံဘယ်နှစ်သီးစိုက်ပျိုးသလဲ၊ ဘာသီးနှံတွေကို ဦးစားပေးစိုက်ပျိုးသလဲ၊ ကိုယ်ပိုင်ရေလျှံတွင်းတွေ ဘာကြောင့်တူးသုံးရသလဲ၊ သုံးစွဲလာတာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲ ဆိုတာတွေကို အမျိုးသားတွေရဲ့အမြင်နဲ့ အမျိုးသမီးတွေရဲ့ အမြင်များကို ခွဲပြီးမေးမြန်းကြပါတယ်၊ နောက်ပြီး စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေ ကျန်းမာရေး၊ လူမှုရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေကလည်း သူတို့ရဲ့ရှုထောင့်တွေကနေ မေးမြန်းကြတာ ဖြစ်ပါတယ်" ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းက ပြောသည်။
အဆိုပါ ပညာရှင်များ၏ ကွင်းဆင်းလေ့လာ တွေ့ရှိချက်များကို ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ Glorious Monywa Hotel ဟိုတယ်ခန်းမ၌ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြန်လည်ဆွေးနွေးပြီး ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


