ညောင်ဦး  ၁၈  ဖေဖော်ဝါရီ

 

မိခင်နှင့် ကလေးကျန်းမာရေး အာဟာရလုပ်ငန်းအကြောင်း သားဖွားဆရာမများ (မွမ်းမံ)သင်တန်းကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေစင်ထိုက်က အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးမြို့နယ် Plan Myanmar အဖွဲ့ တာဝန်ခံ ဦးဇော်မိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေစင်ထိုက်နှင့် သူနာပြုဆရာ ဆရာမများက သင်တန်းသားများအား မိခင်နှင့် ကလေးကျန်းမာရေး အာဟာရဆိုင်ရာလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးမိခင်များနှင့် ရင်သွေးငယ်ကလေးများ ကျန်းမာရေးဖွံ့ဖြိုးစေရေးအတွက် ပြုစုစောင့်ရှောက်ရမည့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့သည်။

 

အဆိုပါသင်တန်းကို ညောင်ဦးခရိုင်အတွင်းရှိ ဘက်စုံသားဖွားဆရာမ ၅၅ ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ ၁၁ ဦး၊ စုစုပေါင်း သင်တန်းသား ၆၆ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ (၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ သင်တန်းကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် Plan Myanmar အဖွဲ့ တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)