ရိခေါ်ဒါရ်  ၁၉  ဖေဖော်ဝါရီ    

 

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့၌ သုံးရက်ကြာ ကျင်းပပြုလုပ်မည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ အမှတ်(၂)ရပ်ကွက် အားကစားကွင်း၌ စတင်ယှဉ်ပြိုင် ကျင်းပသည်။

 

58896

 

အဆိုပါ ချင်းအမျိုးသားနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ဘော်လီဘောပြိုင်ပွဲ အပါအဝင် ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ အမြင့်ခုန်၊ ချောတိုင်တက်၊ လွန်ဆွဲပြိုင်ပွဲ နှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲ (၈)မျိုးကို စတင်ယှဉ်ပြိုင်ကြပြီး ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက်များအပြင် အနီးအနား ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

520

 

ထို့အပြင် ဖေဖော်ဝါရီ (၂၀)ရက် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား၌ ချင်းအမျိုးသား ခေါင်းဆောင်များ၊ ချင်းသူရဲကောင်းပုဂ္ဂိုလ်များနှင့် ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၏ အမည်ကို အစွဲပြုပြီး စစ်ကြောင်း ခုနှစ်ကြောင်းဖွဲ့ကာ အဆိုပါ စစ်ကြောင်းများ ချီတက်ခြင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်တို့ ထံမှ ပေးပို့သော (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဒေသချင်းရိုးရာ အကများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း၊ ဒေသအတွင်း ထူးချွန်သူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် အားကစား ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးခြင်းနှင့် ညပိုင်းစင်တင်တေးဂီတ ဖျော်ဖြေခြင်းများဖြင့် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၊ အားကစားကွင်း၌ ဖျော်ဖြေတင်ဆက်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

 

ပက်ကာ (ရိရေကန်)

 

85693254875