ကျောက်တန်း ၁၉ ဖေဖော်ဝါရီ
နှစ်စဉ် ကျင်းပမြဲဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်၏ အကြိမ် (၁၁၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၂၉ ရက်မှ မတ်လ ၈ ရက်အထိ ၉ ရက်တိုင်တိုင် ဗုဒ္ဓပူဇာ ဓမ္မပူဇာ၊ သံဃပူဇာ အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်သည်။
ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၉ ရက် မနက် ၈ နာရီတွင် ရေလယ်ဘုရား ပွဲတော်မုခ်ဦးတွင် ကျင်းပပြီး ထိုနေ့ညမှစ၍ သုံးညတိုင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တော်ရ ဆရာတော်များ၏ ဓမ္မပူဇာသဘင် တရားပွဲများ၊ မတ်လ ၃ ရက် မှ၈ ရက်(တပေါင်းလပြည့်) အထိ စေတီတော် ငါးစပ်ဘုရားတန်ဆောင်းတွင် သံဃာတော် အရှင်သူမြတ် ၂၄ ပါးတို့က မဟာပဋ္ဌာန်းမြတ် ဒေသနာတော်ကို အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်းနှင့် လပြည့်အရုဏ်တက်ချိန်တွင် စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ဆွမ်းတော်ကြီးတင်လှူပြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ရန် စီစဉ်ထားကြောင်း ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းလှရွှေ ထံမှ သိရသည်။
ဆက်လက်၍ တပေါင်းလပြည့် မတ်လ၈ ရက်နေ့ ရွှေမှော်ဝန်းသာသနာ့ဗိမာန်မှာ မြို့နယ်အတွင်းမှ ပင့်သံဃာ အပါး(၁၉၀) တို့အားနေ့ဆွမ်းဆက်ကပ်ပြီင်း ဆွမ်းဆန်စိမ်းလောင်းလှူခြင်း နှင့်ညပိုင်းမှာ ရေလယ်စေတီတော်အား ဆီမီးမျှောပူဇော်ရန် စီစဉ်ထားကြောင်း၊ ပျော်ပွဲရွှင်ပွဲများအဖြစ် သစ္စာမေတ္တာ ရွှေမန်း (ချမ်းသာ) ဇာတ်သဘင်အဖွဲ့ ၊စိန်မဟာသဘင်နှင့် မြန်မာ့ရိုးရာခြင်းလုံးခတ်ပွဲ ဈေးရောင်းပွဲ ၊ ကလေးကစားကွင်းများနဲ့ စည်ကားစွာကျင်းပနိုင်ရန်အတွက် ပွဲတော်ကျင်းပရေး ကော်မတီအသီးသီးမှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းကိုလည်း ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးလှသွင်က ရှင်းပြသည် ။
ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မှာ ကျောက်တန်းမြို့ အနောက်ပိုင်း ရပ်ကွက်နေ ဘုရားဒါယကာ အမိန့်တော်ရ ရှေ့နေ ဦးဘထွန်းနှင့် ဇနီး ဒေါ်ဒေါ်သက်တို့က ပျက်စီးနေသော ရှေးဟောင်းစေတီတော်ကို မြန်မာသက္ကရာဇ် ၁၂၇၁ ခုနှစ်တွင် ပြန်လည်တည်ထား ကိုးကွယ်ပြီး ပထမအကြိမ် ဘုရားပွဲတော်ကျင်းပခဲ့ရာ ယခု ၁၃၈၁ ခုနှစ် တပေါင်းလပြည့်နေ့တွင် အကြိမ် (၁၁၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
စိုးဝင်း(ကျောက်တန်း)


