ပွင့်ဖြူ  ၁၉  ဖေဖော်ဝါရီ    

  

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီး အရာရှိ ဦးအောင်ဇော်တင့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်  နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများအား သစ္စာ စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

53223

 

ကျောင်းသားကျောင်းသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက် ပေးရာတွင် ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်တင့်က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုများ၊ မပျောက်ပျက်အောင် စနစ်တကျကိုင်တွယ်ရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်တင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဝန်ထမ်းများအဖွဲ့က ကျောင်းကုန်းကြီး ကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့် ကျောင်းသား ကျောင်းသူ ၁၃၃ ဦး အား အထောက်အထားများ စိစစ်ပြီး သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

9633

 

ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးအနေဖြင့် ယခုလို ကျောင်းဖွင့် ရာသီကာလများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ နယ်လှည့်ကွင်းဆင်းပြီး ကျောင်းသား ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရေး သစ္စာ စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများသို့ ကွင်းဆင်း၍လည်း ဒေသခံကျေးလက်နေ ပြည်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်းနှင့် ဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုများအား အသိပညာပေး ဟောပြောခြင်းများ စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်တင့် ထံမှ သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)