ဘားအံ ၁၉ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် တရားမဝင် ကုန်သွယ်မှုမှ ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန်များအား ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီက Hotel ThanLwin Paradise ၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံ အစီအစဉ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များအား တရားမဝင် အမဲလိုက် သတ်ဖြတ်မှုများ၊ ရောင်းချမှုများ၊ မွေးမြူစုဆောင်းသူများနှင့် တရားမဝင် ကူးသန်းရောင်းဝယ်သူများကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ဘားအံခရိုင် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များကို တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ (သင်တန်း) ဖြစ်ကြောင်း သိရသည်။
သစ်တောဦးစီးဌာနမှ ပြုစုထားသည့်စာရင်းအရ ၂၀၁၀ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ဖမ်းဆီး ရမိသည့် အမှုပေါင်း ၃၇၀၊ တောရိုင်းတိရစ္ဆာန်အမှု ၂၉၁ မှု နှင့် အပင်အမှု ၈၉ မှု ရှိကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုအား ဖမ်းဆီးရမိမှု ၄ မှု ရှိခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၃ ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး တောရိုင်း တိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုအား တားဆီးအရေးယူမှုများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် CITES အကြောင်း၊ မြန်မာနိုင်ငံတွင် တရာညးမဝင်တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုအား ရှင်းလင်းတင်ပြခြင်း၊ အရှေ့တောင်အာရှတွင် ကုန်သွယ်မှုအများဆုံးတောရိုင်းတိရစ္ဆာန်များ၊ နို့တိုက်သတ္တဝါများအား မျိုး စိတ်ခွဲခြားခြင်း၊ တောရိုင်းတိရစ္ဆာန် တရားမဝင် သယ်ဆောင်သည့်နည်းလမ်းများ၊ အရေးယူ ဆောင်ရွက်မှုများ၊ တောရိုင်းတိရစ္ဆာန်များ၏ အခွင့်အရေးနှင့် ဥပဒေအဆင့်အတန်း၊ နိုင်ငံတကာ တာဝန်များနှင့် ကတိကဝတ်များ၊ နိုင်ငံဖြတ်ကျော် တောရိုင်းတိရစ္ဆာန်များနှင့်သစ်တောမှုခင်းများ၊ လိပ်မျိုးစိတ်များအား မျိုးစိတ်ခွဲခြားခြင်း၊ သဘာဝဂေဟစနစ်အပေါ် အကျိုးပြုမှုများ၊ မြွေ၊ တောက်တဲ့များအား မျိုးစိတ်ခွဲခြားခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် တွားသွားသတ္တဝါ နမူနာများအား ဆေးစိမ်ထိန်းသိမ်းခြင်း၊ သင်းခွေချပ်များအား မျိုးစိတ်ခွဲခြားခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်နည်းများ၊ ဖမ်းဆီးရမိခြင်းမှ ပြန်လည်မျိုးဆက်ခြင်းများကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


