ဝန်းသို  ၁၉  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ၀န်းသိုမြို့နယ် ကျောက်ပါးစပ်ကျေးရွာ၌ အသေးစား လျှပ်စစ် ဓါတ်အား ရရှိရေးစီမံကိန်း(Mini Grid)ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  Mango Energy Co.ltd မှ လုပ်ငန်းတာ၀န်ခံ အင်ဂျင်နီယာ ဦးကျော်ထူးက Installation အပိုင်းတွင် Solar Plant တပ်ဆင်နေမှု၊ လမ်းမီးတိုင်များ စိုက်ထူထားမှု၊ အိမ်တွင်း မီးလိုင်းများ သွယ်တန်းထားရှိမှု၊ ၀န်ထမ်းနေအိမ် ဆောင်ရွက်ပြီးစီးမှု၊ မျှော်စင် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် Solar System Configuration ဆောင်ရွက်နေမှု လုပ်ငန်းများကို တာဝန်ရှိသူများအား လိုက်လံရှင်းလင်း ပြသစစ်ဆေးခဲ့ကြသည်။

 

mdn

 

အဆိုပါ အသေးစားလျှပ်စစ်ဓါတ်အား မီးလင်းရေးလုပ်ငန်း အိမ်သုံးမီတာတွင် (6KW) အထိ သုံးနိုင်ပြီး တစ်ယူနစ် လျှင် ငွေကျပ် ၄၀၀၊  အသေးစားစက်မှုလုပ်ငန်းသုံး ပါဝါမီတာတွင် (14KW) ထိ သုံးစွဲနိုင်ပြီး တစ်ယူနစ်လျှင် ငွေကျပ် ၄၄၀ နှင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများ စသည့် အများသုံး လုပ်ငန်းများတွင် တစ်ယူနစ် လျှင် ငွေကျပ်  ၃၆၀ ကျသင့်မည်ဖြစ်သည်။

 

ယင်းမီးလင်း‌ရေး စီမံကိန်းလုပ်ငန်းကို ကမ္ဘာ့ဘဏ် အကူအညီဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၆ဝရာခိုင်နှုန်း ကျေးရွာပြည်သူမှ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီမှ ၂၀ရာခိုင်နှုန်း အချိုးကျ ထည့်၀င်ငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ Solar System Configuration များ ဆောင်ရွက်နေပြီဖြစ်ရာ ရက်ပိုင်းအတွင်း စမ်းသပ်မီးလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျောက်ပါးစပ်ကျေးရွာ၌ အိမ်ခြေပေါင်း ၃၂၅အိမ်ရှိပြီး လက်ရှိမီးသုံးစွဲရန် လျှောက်ထားသူအိမ်ခြေ ၂၀၀ ကျော်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှသိရသည်။

 

ကျော်မြိုင် (ပြန် /ဆက်)