မော်လမြိုင်ကျွန်း  ၁၉ ဖေဖော်ဝါရီ   

 

ကျောင်းသားကျောင်းသူများ  ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး  ဖော်ဆောင်နိုင်စေရန်နှင့် အမှိုက်ကင်းစင်သော ကျောင်း၊ စည်းကမ်းရှိသော လူငယ်များ ဖြစ်ပေါ်လာစေရေး ရည်ရွယ်ချက်များဖြင့် လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်တွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနနှင့်   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့  ပူးပေါင်း၍    ပလတ်စတစ် အသုံးပြုမှု လျှော့ချရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြ လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းအခမ်းအနားကို  ယနေ့နံနက် ၁၀  နာရီက ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင်  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊  အမှုဆောင်အရာရှိ  ဦးမျိုးထိုက်ဝင်းက  ပလတ်စတစ် အန္တရာယ် ကင်းဝေးစေရေး ကြွပ်ကြွပ်အိတ် သုံးစွဲမှု လျှော့ချရေးအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင်က “အမှိုက်ကောက်တာ ရှက်စရာမဟုတ်ပါ” ခေါင်းစဉ်ဖြင့် အမှိုက်ကင်းစင်စေရေးအကြောင်း၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊  ဒုဦးစီးမှူး ဒေါ်မေသူသူဇင်က အမှိုက်စို၊  အမှိုက်ခြောက်နှင့်  ပြန်လည် အသုံးပြုနိုင်သော အမှိုက်များအကြောင်း   အသိပညာပေး ရှင်းလင်းပြောကြားပြီး  ကျောင်းသူ  ကျောင်းသားများနှင့် အတူတကွ အမှိုက်ပစ်ခြင်း လက်တွေ့သရုပ်ဖော် ဆောင်ရွက်ကြသည်။                                         

 

ဆက်လက်၍ ကျောင်းသား ကျောင်းသူများအား လက်တွေ့သရုပ်ပြ မေးခွန်းများ မေးမြန်းပြီး ဖြေဆိုနိုင်သူများအား ဗလာစာအုပ်၊ ဘောပင်များ၊ ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။  အဆိုပါအခမ်းအနားအား ကျောင်းသား ကျောင်းသူ (၁၅၀) ခန့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

 

အောင်အောင် (ပြန်/ဆက်)