၁၉ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ ပြည်သူ-ကျေးလက်-ယူနီဆက် ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသော လိပ်ခြံကျေးရွာနှင့် သဖန်းတုံးကျေးရွာအား ဘေးကင်း လုံခြုံသော သောက်သုံးရေ အစီအမံ ပညာပေးသင်တန်းအား ဖေဖော်ဝါရီ ၁၉ ရက်နေ့ က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာပေးသင်တန်းအခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဦးတင်စိုး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်၊ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်နှင်းဖြူဖြူလွင်နှင့် အဖွဲ့တို့က ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ဘေးကင်းသော သောက်သုံးရေ သုံးစွဲနိုင်ရေးအတွက် ရေအရင်းအမြစ် ဖြစ်သော စက်ရေတွင်း၊ ရေစင်၊ ရေပိုက်လိုင်းနှင့် အိမ်ရှိ ရေထည့်ထားသော ပုံး၊ ခွက်၊ စည်၊ အိုး များအား အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး တွေ့ရှိချက်များကို ကျေးရွာပြည်သူလူထုအား ပညာပေးချပြ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းပညာပေးသင်တန်းအား ဆိပ်ဖြူမြို့နယ်အတွင်းရှိ ပြည်သူ-ကျေးလက်-ယူနီဆက် ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကျေးရွာပေါင်း (၁၄)ရွာ အား ဆက်လက် ပညာပေးဟောပြောဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သီသီမာ(ကျေးလက်)


