၁၉  ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချသည့် မြေကွက်များအတွက် လျှောက်လွှာများ စိစစ်ရာ စောင်ရေ  ၁၂၀ဝ၀ ကျော်အနက် အချက်အလက်ပြည့်စုံသည့်စောင်ရေ  ၆၄၀ ကျော်သာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

 

အဆိုပါ လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဝန်ကြီး ဦးဟန်ထွန်း ကိုယ်တိုင်ဦးဆောင်၍ အချက်ခြောက်ချက်ဖြင့် စိစစ်ခဲ့ပြီး ယင်းမှာ လျှောက်လွှာဝယ်ယူသွား သူအမည်နှင့် ပြန်လည်တင်ပြလျှောက်ထားလာသူအမည် တူညီခြင်းရှိ/မရှိ၊ လျှောက်လွှာတွင် ဖော်ပြထားသည့် အချက်အလက် ပြည့်စုံမှုရှိ/မရှိ၊ အဆိုပြုဈေးနှုန်း ပါ/မပါ၊ ငွေကြေး အထောက်အထား တင်ပြမှုပါ/မပါ၊ စီးပွားရေးလုပ်ငန်း လုပ်မည်ဆိုပါက လုပ်ဆောင်မည့်လုပ်ငန်းပုံစံ အဆိုပြုချက်ပါ/မပါနှင့် စီးပွားရေးလုပ်ငန်း စတင်မည့်  အချိန်ကာလ ပါ/မပါ တို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

ထိုသို့ စီစစ်ရာတွင် အချို့သော မြေကွက်များမှာ အဆိုပြုဈေးနှုန်းမြင့်နေသော်လည်းအချက်အလက် မပြည့်စုံ၍ လျှောက်လွှာများကို ပယ်ခဲ့ရကြောင်း ဦးသန်းက ဆက်ပြောသည်။

 

"လျှောက်လွှာတွေကို စိစစ်လိုက်တဲ့အခါမှာ ၁၂၀ဝ၀ ကျော်ထဲက အချက်အလက်ပြည့်စုံတာက ၆၄၀ ကျော်ပဲ ရှိတယ်၊ တချို့က ဈေးပိုပေးတာမှန်တယ်၊ ဈေးပိုပေးတာ မှန်ပေမယ့် အချက်အလက် မပြည့်စုံ တဲ့အတွက် ပယ်လိုက်ရတယ်၊ ပယ်တဲ့သူထဲမှာ ဈေးပိုပေးတာပါတယ်၊ တချို့ကျတော့ ဈေးတူတယ်၊ မြေကွက်က တစ်ကွက်ထဲ ရောင်းနိုင်တယ်၊ အချက်အလက်ပြည့်စုံတာက နှစ်ယောက်ဖြစ်နေတယ်၊ ဈေး အဆိုပြုထားတာက တူနေတယ်၊ သို့သော်လည်းပဲ တစ်ယောက်က အကောင့်နံပါတ်သည် သူ့နာမည် အကောင့်နဲ့ ပေးမထားဘူး၊ အခြားလူရဲ့ အကောင့်ကို Copy  ပေးထားတယ်၊ ဒုတိယလူက သူနာမည်နဲ့ ရှိတဲ့ အကောင့်ကို ပေးထားတဲ့အတွက် ဈေးတူသော်လည်းဘဲ ပြည့်စုံတဲ့သူကို ဝယ်ယူခွင့်ပေး လိုက်ပါတယ်၊ ဒီအချက်လက်တွေနဲ့ စစ်တဲ့အခါ ပြန်လျှောက်တာက ၁၂၀ဝ၀ ကျော်ပါ၊ တကယ်တမ်း ပြည့်စုံတာက ၆၀ဝ ကျော်ပဲရှိပါတယ်"ဟု ဦးသန်း က ပြောသည်။

 

သို့သော် အချို့မှာမူ မြေကွက်ဝယ်ယူရန် အချက်အလက်ပြည့်စုံသော်လည်း အဆိုပြုနှုန်းများ ကွာဟနေသောကြောင့် အစိုးရအဖွဲ့ထံတင်ပြ၍ ဈေးနှုန်းအတည်ပြုချက်ရယူကာ ပြန်လည် အကြောင်းကြားပေးကြောင်း ၎င်းက ဆက်ပြောသည်။

 

"ပေ (၄၀' ×၆၀') မြေကွက်ခြင်းတူတယ် ၊ အဆိုပြုဈေးနှုန်းတွေက  ရွှေပြည်သာမှာ မြေတိုင်းရပ်ကွက် တနေရာတည်းမှာပဲ အနိမ့်ဆုံး အဆိုပြုသူက ကျပ် သိန်း ၃၀ ၊ အမြင့်ဆုံးကသိန်း ၂၂၅  အဆိုပြုတယ်၊ သိန်း ၂၀ဝ အဆိုပြုတဲ့သူက ၁၂ ယောက်ရှိတယ်၊ အချက်အလက် ပြည့်တော့ပြည့်စုံတယ်၊ ဈေးနှုန်း အဆိုပြုတာတွေက သိပ်ခြားနားနေတဲ့ အတွက်ကြောင့် အဲ့လူတွေကို ခေါ်ပြီး ဈေးနှုန်းညှိတယ်၊ သူတို့က သိန်း ၁၅၀ လောက်ပဲ ပေးချင်တယ်ဆိုတော့ သိန်း ၁၅၀ နဲ့ ၁၂၅ သိန်းနဲ့ကို အစိုးရအဖွဲ့ကို တင်ပေးလိုက်တယ်၊ အစိုးရက တခုတည်းသော ဈေးနှုန်းကိုပြန်ပြီးအတည်ပြုချက် ပေးပါတယ်၊ ပေးပြီးတော့မှ အဲဒီဝယ်ယူခွင့် ရသူအားလုံးကို ဒီဈေးနှုန်းနဲ့ ဝယ်ယူဖို့ကို အကြောင်းကြား ပေးပါတယ်" ဟု ဦးသန်း က ပြောသည်။

 

ထို့ပြင် ရောင်းချမည့်မြေကွက်၊  ဝယ်ယူခွင့်ရရှိသူ အရေအတွက်နှင့် ဈေးနှုန်းမှာလည်း တူညီနေပါက မဲနှိုက်စနစ်ဖြင့် ဆောင်ရွက်ပေးကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/စက်မှုလုပ်ငန်း လုပ်ကိုင်ရန်နှင့် လူနေထိုင်ရန်  ရောင်းချသွားမည်ဖြစ်ပြီး  ပထမအကြိမ်အဖြစ် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်ရှိ မြေကွက်ပေါင်း ငါးရာကျော်နှင့် မြောင်းတကာ စက်မှုဇုန်ရှိ စက်မှုမြေကွက် တစ်ရာ့ခုနှစ်ဆယ်ကျော်အတွက် မြေအသုံးပြုခွင့် လျှောက်လွှာများကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးတွင် ရောင်းချခဲ့ရာ စတင်ရောင်းချသည့် အောက်တိုဘာ ၇ ရက်မှ အရောင်းပိတ်ခဲ့သည့် နိုဝင်ဘာ ၈ ရက်အထိ စောင်ရေ  ၁၅၆၂၀ ရောင်းချခဲ့ပြီး လျှောက်လွှာပြန်လည်တင်ရမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် စောင်ရေ  ၁၂၁၅၈ စောင် လာရောက်ပြန်တင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြေရောင်းချမှုပြီးစီးပါက နောက်တစ်ဆင့်အနေဖြင့် ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းရှိ ယခင် စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည့် မြေဧက ကိုးထောင်ကျော်ကို ရောင်းချသွားမည်ဖြစ်သည်။

 

လက်ရှိ ရောင်းချမည့်မြေများမှာ ယခင်က လျော်ကြေးတစ်စုံတရာမပေးပဲ သိမ်းယူထားခဲ့သည့် မြေများဖြစ်ပြီး ယင်းမြေများ၏  မူလလယ်သမားများကို မြေယာလျော်ကြေးပေးရန်အတွက် ပိုနေသည့် မြေကွက်များကို ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းရေးဆိုင်ရာ ပြန်လည်စိစစ်ရေးကော်မတီက စီစစ်ကာ မြေယာလျော်ကြေးပေးရန် စိစစ်ထားသည့် အမှုတွဲပေါင်း သုံးထောင်ကျော်ရှိပြီး ယင်းအနက် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်က မူလလယ်သမားများကို မြေယာလျော်ကြေး ၆ ဒသမ ၉ ဘီလျံကျော် လျော်ပေးပြီးဖြစ်ကြောင်း၊ ယခု ဘတ်ဂျက်နှစ်တွင်လည်း မူလလယ်သမားများကို မြေယာလျော်ကြေး ၃၁ ဘီလျံလျော်ရန် လျာထားထားကြောင်း သိရသည်။

 

ငြိမ်းငြိမ်း(နယူးလိုက်)