နေပြည်တော် ၁၉ ဖေဖော်ဝါရီ
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (ARDSCG) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီခွဲက နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ FAO, ADB, USAID, LIFT နှင့် NGO/CSO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (ARDSCG) ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်ပင်အရေးကြီးကြောင်း၊ အကူအညီအထောက်အပံ့များ ချေးငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လက်ရှိ လုပ်ထုံးလုပ်နည်းများအား နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရေးအတွက် ပြုပြင်ပြောင်းလဲသင့်သည်များကို ယနေ့အစည်းအဝေးတွင် အကြံပြုဆွေးနွေးကြစေလိုကြောင်း၊ အလားတူ ဆောင်ရွက်ရန်ကျန်နေသည့် လုပ်ငန်းများကို အမှန်အကောင်အထည်ဖော်နိုင်ရေးအတွက် ဘုံသဘောတူညီချက်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ အတည်ပြုနိုင်ရေးနှင့် မိမိတို့၏ Country Program Framework မှာ ထည့်သွင်းပေးနိုင်ရေး ကြိုးပမ်းပေးကြပါရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ကဏ္ဍအလိုက် အဖွဲ့ခွဲဆွေးနွေးခြင်း၊ အဖွဲ့လိုက် ဆွေးနွေးချက်ရလဒ်များအား စုပေါင်းဆွေးနွေးသုံးသပ်ခြင်း၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) ၏ လမ်းညွှန်ချက်အရ ပြည်ပချေးငွေ/ ထောက်ပံ့ငွေများအား ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးရန် “စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့” (Agriculture and Rural Development Sector Coordination Group - ARDSCG)ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဦးဆောင်၍ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်သော FAO နှင့် USAID တို့မှ ကိုယ်စားလှယ် (၁) ဦးစီတို့ ပါဝင်ကာ စုစုပေါင်း (၂၃)ဦးဖြင့် ဖွဲ့စည်းထားရှိကာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍ၊ သမဝါယမကဏ္ဍ၊ အသားကဏ္ဍ၊ ငါးကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍ စသည့် ကဏ္ဍခွဲ (၅)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


