ရန်ကုန် ၁၉ ဖေဖော်ဝါရီ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံ နက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ရုံးဝန်ထမ်းများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁/၂၀၂၀)တွင် သင်ခန်းစာဆွေးနွေးပို့ချသည်။ 

 

2840

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP) (၂၀၁၆-၂၀၂၁)တွင် ဦးစားပေးလုပ်ငန်း ၁၂ ရပ်သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့်တိုးမြှင့် သင်ယူခွင့်များရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းအရွယ်ကလေးတိုင်း မူလတန်းပညာပြီးမြောက် အောင်မြင်ခြင်းနှင့် မူလတန်းပညာ သင်ယူရန် အခက်အခဲရှိနေသည့် မသန်စွမ်း ကလေးငယ်များ၊ ဆင်းရဲနွမ်းပါးသည့်ကလေးများ၊ ဝေးလံခေါင်ဖျား ဒေသရှိကလေးများ စသည့် ကလေးများအတွက် အလေးထားသည့် ပညာရေးအစီအစဉ်များကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

မူလတန်းတိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကားသင်ရိုးညွှန်း တမ်းပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများအတွက် တိုင်းရင်းသားဒေသခံဆရာများ ဖြည့်ဆည်းခန့်ထားခြင်း အပါအဝင် တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ကျောင်းများတွင် သင့်လျော်သော ဆရာ ကျောင်းသား အချိုးရရှိစေရန် အခက်အခဲရှိသော ဒေသများ၊ ဝေးလံသောဒေသများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဆရာများ၏ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များမြင့်မားလာစေရန် နှစ်စဉ်ကျောင်းသုံး ဖတ်စာအုပ်အသစ်များအတွက် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြဆရာများအားလုံးကို သင်တန်းပေးဆောင်ရွက်ခြင်း၊ အခြေခံပညာရေးကို လူတိုင်းပိုမိုလက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်းနေသည့် ဒေသများရှိ ကျောင်းများ၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

2856

 

ပညာအရည်အချင်းနည်းပါးသူများ၏ လူမှုဘဝတိုးတက်ကောင်းမွန်စေရန် အခြေခံပညာ အလယ်တန်း၊ အထက်တန်း တန်းညှိအစီအစဉ်များနှင့် သက်မွေးမှုသင်တန်း အစီအစဉ်များဖြင့် ဆက်လက်ပညာ ဆည်းပူးနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား မိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှုဖြစ်စေရန် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမှရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင် သာမှုရှိစေရန်အတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ထိရောက်သော ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် လေ့လာကြီးကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့၏လုပ်ငန်းများ သာတူညီမျှ အောင်မြင်မှုရှိစေရန် စိတ်ရှည်သည်းခံပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ပေး ကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ထောက်မြို့နယ် ပညာရေးမှူး၊ ဒုကြီးကြပ်ရေးမှူး၊ ဒုတိယဦးစီးမှူး သင်တန်းသား သင်တန်းသူ(၂၈၄)ဦး တက်ရောက်လျက်ရှိပြီး သင်တန်း ကာလမှာ ဖေဖော်ဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည်။ 

သတင်းစဉ်