တောင်တွင်းကြီး  ၂၀  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ကံကြီးကုန်း ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းမင်းထွန်း၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက ကံကြီးကုန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။  

 

ကံကြီးကုန်းကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာနှင့် ဝက္ကသေးကျေးရွာရှိ အိမ်ခြေ(၉၁၈)အိမ်၊ လူဦးရေ(၄၁၁၈)ဦးတို့၏ ကျေးလက် လယ်ယာထုတ်ကုန် ဧက(၄၀ဝ)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ လွယ်ကူလျင်မြန်စွာပေးပို့နိုင်မှာဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများအတွက် လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ၏ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ကပြောသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၃၂ ဒသမ ၆ သန်းဖြင့် ကျောက်ရောမြေခင်းခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်း လမ်းအရှည် ၁မိုင်၊ လမ်းအကျယ်(၁၂)ပေ၊ အမြင့်တစ်ပေကိုးလက်မထုခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ပေ၂၀အရှည် ရေပြွန်(၂)စင်းတည်ဆောက်ခြင်း လုပ်ငန်းကို တင်ဒါအောင်မြင်သည့် ဟန်သီရိလွင်ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်