မင်းဘူး ၂၀ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ တိရစ္ဆာန် ကျန်းမာရေး လုပ်သားများအား ကာကွယ်ဆေးထိုးနည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူး(စကု)မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်က တိရစ္ဆာန်များ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား သင်တန်း ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အခုလို “ကာကွယ်ဆေးထိုးခြင်းသည် ကုသခြင်းထက် ကောင်းမွန်ပါကြောင်း၊ အခု ယခုထိုးနေသည့် ဆေးများသည် ကုသလို့ခက်ခဲတာတွေ၊ ကုသလို့မရတာတွေ ရှိနိုင်ပါကြောင်း၊ ကာကွယ်ဆေးထိုးထားခြင်းအတွက် စီးပွားရေးလည်း မထိခိုက်နိုင်ပါကြောင်း၊ ကျွဲနွားများလည်း သေဆုံးမှုမရှိနိုင်ပါကြောင်း၊ ရောဂါကာကွယ်ဆေးများထိုးခြင်းဖြင့် ကူးစက်ရောဂါဖြစ်ပွားမှုကို လျော့ကျပပျောက်စေရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် အသားကဏ္ဍ ထုတ်လုပ်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း” မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါက်တာဆောင်းဦးဝေ က ပြောကြားသည်။
ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသားများအား မြို့နယ်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးများက အမှတ်တရ ဦးထုပ်များ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိရစ္ဆာန်ကာကွယ်ဆေးထိုးနည်း သင်တန်းသို့ မင်းဘူး(စကု)မြို့နယ်မှ တိရစ္ဆာန် ကျန်းမာရေး လုပ်သား(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


