နေပြည်တော် ၂၀ ဖေဖော်ဝါရီ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအောက်ရှိ အထောက်အကူပြုအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လုပ်ငန်းစတင် ထူထောင်မည့် MSME များကိုလည်း ပံ့ပိုးကူညီပေးရမည်ဖြစ်ကြောင်း၊ MSME များ အနေဖြင့် သီးခြားရပ်တည်၍မနေဘဲ သက်ဆိုင်ရာဝန်ကြီး ဌာန/အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန်လိုကြောင်း၊ သို့မှသာ မိမိတို့လုပ်ငန်းများတွင် လိုအပ်သော နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်များကို လွယ်လင့်တစ်ကူ ရရှိမည်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် National Export Strategy ကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်ထိ ရေးဆွဲလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင်လည်း Myanmar International Trade Center ဖွင့်လှစ်ထားရှိသဖြင့် MSME ထုတ်ကုန်များကို လာရောက်ခင်းကျင်းပြသ ရောင်းချနိုင်ပါကြောင်း၊ အဆိုပါ Center တွင် ကုန်စည်ပြပွဲများ၊ Workshop များလည်း ကျင်းပလျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရန်အတွက် Informal Sector များကို Formal Sector သို့ ကူးပြောင်းနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက် ရန်အတွက် အားလုံးအကျုံးဝင်သော မှတ်ပုံတင်ပြုလုပ်ထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် E-commerce ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ မိမိထုတ်ကုန်ပစ္စည်းများကို Online နှင့် ချိတ်ဆက်ပြီး ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေး ဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံတို့ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက ကဏ္ဍတစ်ခုချင်းစီအလိုက် အသေးစိတ်တင်ပြ ဆွေးနွေးသည်။
ထို့နောက် အေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


