ရန်ကုန် ၂၀ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများအတွက် စာမူပေးပို့ရန် နောက်ဆုံးတင်သွင်းရမည့်ရက်ကို မူလက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါ ပြိုင်ပွဲဝင်စာမူ တင်သွင်းရန် နောက်ဆုံး ရက်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ၊ ၁၀ ရက် အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။
ပခုက္ကူစာပေဆုတွင် သတ်မှတ်ထားသည့် ဘာသာရပ် (၅) မျိုးအတိုင်း ပြိုင်ပွဲဝင် စာမူများကို ဖော်ပြထားသော စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်နိုင်ကြသည်။
ပြိုင်ပွဲဝင်စာမူပုံစံများကို စာတည်းမှူးချုပ်၊ အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း၊ စာပေဗိမာန် တွင်ရယူနိုင်ပြီး နယ်မှပုံစံမှာယူလိုသူများသည် ငွေကျပ် ၁၅၀ဝ ပေးပို့၍ ပြိုင်ပွဲဝင်ပုံစံများကို မှာယူနိုင်ကြောင်း သိရသည်။
ပခုက္ကူစာပေဆုများကို ယှဉ်ပြိုင်လိုသူများ စိတ်ဝင်တစားဖြင့် မေးမြန်းမှုများရှိနေရာ ပြိုင်ပွဲဝင်လိုသော စာပေဝါသနာရှင်များ၏ ဆန္ဒကိုဖြည့်ဆည်းပေးသည့်အနေဖြင့် ယခုကဲ့သို့ ပြိုင်ပွဲဝင်ရက် တိုးမြှင့်သတ်မှတ်ပေးရခြင်းဖြစ်ကြောင်း ပခုက္ကူစာပေဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားသည်။
သတင်းစဉ်


