နေပြည်တော် ၂၀ ဖေဖော်ဝါရီ
ပညာရေးဝန်ကြီးဌာန အခြေခံပညာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် အရည်အသွေး စံသတ်မှတ်ချက်ပြည့်မီရေး ဆွေးဆွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ကျင်းပသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ အရည်အသွေး စံသတ်မှတ်ချက် ပြည့်မီရေးဆွေးနွေးပွဲတွင် အရည်အသွေး စံသတ်မှတ်ချက်နှင့်အညီ စစ်ဆေးရမည့် နည်းပညာရပ်များကို ခရိုင်ပညာရေးမှူးရုံးများမှ အရည်အသွေးစိစစ်ရေးနှင့် လက်ခံရေး တာဝန်ရှိသူများက တက်ကြွစွာဆွေးနွေးပေးရန်နှင့် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ရန် မေးမြန်းဆွေးနွေး ကြစေလိုပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိသွားသည့် နည်းပညာများကို မိမိတို့၏ ခရိုင်အတွင်းမှာရှိသည့် ကျောင်းသားလူငယ်များအတွက် အရည်အသွေးရှိသော စံသတ်မှတ်ချက်နှင့် ပြည့်မီသည့် ပြဋ္ဌာန်းစာအုပ်များကို အချိန်မီ ဖြန့်ဖြူးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် JICA (CREATE) Team မှ Project Coordinator Ms. Hikari Miyahara က ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမှာစကားပြောကြားသည်။
ယင်းနောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ပြုစုရေးနှင့် ပတ်သက်၍လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်(၁)ဦးက ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ပုံနှိပ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ JICA (CREATE) Team မှ Mr. Fumhaka Sato က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ပုံနှိပ် ထုတ်လုပ်ရေးနှင့် အရည်အသွေး စံသတ်မှတ်ချက်ပြည့်မီရေးအတွက် စိစစ်သည့် နည်းပညာများအားလည်းကောင်း၊ JICA (CREATE) Team မှ Ms. Hikari Miyahara က သင်ရိုးသစ်ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ပြုစုခြင်းလုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကျောင်းသုံးပြဋ္ဌာန်းစာအုပ် အရည်အသွေး စံသတ်မှတ်ပြည့်မီရေးနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးမေးမြန်းကြကြောင်း သိရသည်။
သတင်းစဉ်


