လွိုင်ကော် ၂၀ ဖေဖော်ဝါရီ
မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း (၄၁) မြို့မှ ဆန်ခါတင်ရွေးချယ်ထားသည့် Miss Universe အလှမယ် (၄၁)ဦးတို့က ကယားပြည်နယ် ခရီးစဉ်အတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများနှင့် ပျော်ရွှင်စွာတွေ့ဆုံခြင်း၊ ပြိုင်ပွဲဝင်များ၏ Talent Show တင်ဆက်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့အား Miss Universe Myanmar မှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Miss Universe Myanmar မှ National Director ဒေါ်စိုးယုဝေမှ Miss ရွေးချယ်ဆောင်ရွက်မှုများ၊ မြန်မာတစ်နိုင်ငံလုံး ရွေးချယ်ပွဲဆောင်ရွက်ခဲ့မှုများနှင့် ဆန်ခါတင်အဆင့် ရွေးချယ်မှုများ၊ ပြိုင်ပွဲကျင်းပမည့် အခြေအနေများ၊ ဆောင်ရွက်ပြီးခဲ့သည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ ကယားပြည်နယ်အနေဖြင့် ကမ္ဘာကသိအောင် ပြသလိုသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ပြသခွင့်ရနိုင်ခြင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သွားရောက်ခဲ့သည့် ပြိုင်ပွဲဝင်အလှမယ်များ၏ လှုပ်ရှားမှုများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တင်ပြချက်များနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနတာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်သို့ လာရောက်မှုအား (၄)ညအိပ် (၅)ရက် ခရီးစဉ်ဖြင့် မေ ၁၆ ရက်မှ ၂၀ ရက်အထိ လာရောက်ဆောင်ရွက်စေလိုပြီး ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း လာရောက်စဉ် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ အဓိကဖော်ဆောင်နေသည့် BP (13) နယ်စပ်ကုန်သွယ်ရေးစခန်း ဖော်ဆောင်နေမှု အခြေအနေများ၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးကဏ္ဍတွင် ကယားပြည်နယ်အနေဖြင့် ကြိုးပမ်းဖော်ဆောင်နေသည့် အခြေအနေများ၊ ကယားပြည်နယ်၏ ရိုးရာယဉ်ကျေးမှုများကို ပုံဖော်ဆောင်ရွက်လိုသည့် အခြေအနေ၊ လွိုင်ကော်မြို့အနေဖြင့် အရှေ့တောင်အာရှ အသန့်ရှင်းဆုံးဆု ရရှိခဲ့မှုအား ပုံဖော်ဆောင်ရွက်ပေးစေလိုသည့် အခြေအနေများ၊ ပြည်နယ်အတွင်းရှိ လူငယ်ကဏ္ဍနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးစေလိုသည့် အခြေအနေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှု ဆောင်ရွက်လိုသည့် အခြေအနေများ၊ ကယားပြည်နယ် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု ဖော်ဆောင်နေသည့် အခြေအနေများ စသည့်ကဏ္ဍစုံ ဖော်ဆောင်နိုင်ရေး အကြံပြုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထွန်းလေး


