ငဖဲ   ၂၁   ဖေဖော်ဝါရီ  

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓါတ်အားလိုင်းနဲ့ (၁၀)မိုင်အထက်ဝေးကွာပြီး နောင်(၁၀)နှစ် (သို့) (၁၅)နှစ်အတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးမရနိုင်သော ကျေးရွာများအနက် ကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၃၈၉ အိမ်တွင်  အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(NEP) ဖြင့်  တစ်အိမ်သုံးဆိုလာစနစ်အသုံးပြုကာ အကြို လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်ထံမှ သိရသည်။

အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်တွင် ၆၀ ဝပ်အားကို (၅၀ဝ၀ဝ)ကျပ်၊ ၁၀ဝ ဝပ်အားကို (၁၅၀ဝ၀ဝ) ကျပ်အား ပြည်သူ့ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရခြင်းဖြစ်ရာ ပြည်သူများအနေဖြင့်လည်း မိမိတို့မှ အချိုးကျငွေထည့်ဝင်ရသည်ဖြစ်၍ ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုစေရန် ရည်ရွယ်ပြီး ထည့်ဝင်စေရာ ကျေးရွာရှိအိမ်ခြေရဲ့ (၃၀)ရာခိုင်နှုန်းအထက် ဆိုလာစနစ်ဆောင်ရွက်မည့် ကျေးရွာတွင် အများပြည်သူပိုင် နေရာများဖြစ်သော လမ်းမီးတိုင်၊ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းများနှင့် ဘာသာရေးအဆောက်အဦများအား စီမံကိန်းမှ အခမဲ့ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

တစ်အိမ်သုံးဆိုလာစနစ်များ ဆောင်ရွက်ရာတွင်  ငဖဲမြို့နယ်ရှိ မရိုးကန်ကျေးရွာ၊ မာန်အောင်ကျေးရွာ၊ ကံရွာကျေးရွာ၊ ညောင်ကိုင်းကြီးကျေးရွာ၊ စည်သာကျေးရွာ၊ ဆူးပဒေါင်း ကျေးရွာနှင့် ကံပေါက်ကျေးရွာတို့တွင် တစ်အိမ်သုံး ဆိုလာစနစ် ၆၀ ဝပ်အား ၂၁၅ ယူနစ်၊ ၁၀ဝ ဝပ်အား ၁၇၄ ယူနစ် ၊ လမ်းမီး ၂၉ တိုင်၊ ဘာသာရေး အဆောက်အဦ ၅ ယူနစ်နှင့် စာသင်ကျောင်း ၅ ယူနစ်တို့အား တပ်ဆင်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်း ၁၀ဝ  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ၎င်းကပြောပြ၍ သိရသည်။

သူရိန်(မင်းဘူး)