မန္တလေး ၂၁ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီးအထက် မတ္တရာကြိုးဝိုင်းနှင့် အောက်မတ္တရာကြိုးဝိုင်းအတွင်းရှိ တောဆင်ရိုင်းများ ကျက်စားရာ စားကျက်မြေမှာ တစ်နှစ်ထက်တစ်နှစ် ကျဉ်းမြောင်းလာခြင်းကြောင့် ဆင်မုဆိုးများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းအန္တရာယ်မှ အဓိကထား၍ ကာကွယ်ပေးနေရကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောရဲတပ်ဖွဲ့မှ ပြောကြားသည်။

 

အဆိုပါ အထက်မတ္တရာ ကြိုးဝိုင်းနှင့် အောက်မတ္တရာ ကြိုးဝိုင်းအတွင်း၌ ကျွန်းသစ်စိုက်ပျိုးမှုမှာ နှစ်စဉ်ဧကပေါင်း ရာချီ၍ တိုးချဲ့ စိုက်ပျိုးနေခြင်းကြောင့်‌ နွေရာသီကာလတွင် ရေထွက်ရာ စိမ့်စမ်းများနှင့် ချောင်းများတွင် မှီတင်းနေထိုင်ကြသည့် တောဆင်ရိုင်းများအတွက် ရွေးချယ်စရာ စားကျက်မြေမှာ သိသာစွာ ကျဉ်းမြောင်းလာရာ ဆင်မုဆိုးများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း အန္တရာယ်ကို ပိုမိုကျရောက်စေနိုင်ကြောင်း သိရသည်။

 

''တောဆင်ရိုင်းတွေကို ဆင်မုဆိုးတွေရန်က ကာကွယ်ပေးနိုင်ဖို့အပြင် ဆင်နဲ့လူ ပဋိပက္ခ မဖြစ်စေဖို့ အတွက် ဆောင်ရွက်တဲ့အခါမှာ အရေးပေါ်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (EERU)၊ မြန်မာ့သစ် လုပ်ငန်း လက်အောက်က ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး တောထဲကို ခြေကျင်သို့မဟုတ် ဆိုင်ကယ်တွေသုံးပြီး အပတ်စဉ် ပုံမှန်လှည့်လည် ထိန်းသိမ်းပေးနေသလို ကွန်ဂျီဆင် ခေါ် တိုက်ဆင်တွေနဲ့ တွဲဖက်ပြီးလည်း တစ်လကို အနည်းဆုံးနှစ်ကြိမ် လှည့်ကင်းအနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ တောဆင်တွေအတွက် အစာရေစာ ရှာဖွေစားသောက်ရတဲ့ နယ်ပယ်က ကျဉ်းလာတော့ မုဆိုးတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှု လွယ်ကူနေတဲ့အတွက် ပိုပြီး အလေးပေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါအပြင် ဆင်နဲ့လူ ပဋိပက္ခ မဖြစ်အောင် တောဆင်တွေကို အန္တရာယ်မပေးဖို့အတွက်လည်း ကျေးရွာတွေကို စည်းရုံးတဲ့အနေနဲ့ အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ် ''ဟု တိုင်းဒေသကြီး သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းထိုက်ကျော်က ပြောသည်။

 

ထို့ပြင် အရေးပေါ် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(EERU)မှ ဆင်အုပ် ဦးကျော်သန်းကလည်း ''ကျွန်တော်တို့ အဖွဲ့က တောဆင်ရိုင်းတွေကို ကွန်ဂျီဆင်ခေါ် တိုက်ဆင်တွေနဲ့ ထိန်းသိမ်းစောင့်ရှောက် ပေးနေတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး သူတို့အတွက် စားကျက်မြေက ကျဉ်းမြောင်းလာတဲ့ အတွက် နီးစပ်ရာ ကျေးရွာတွေဘက်ကို ဝင်ရောက်ပြီး စိုက်ခင်းတွေနဲ့ သီးနှံတွေကို စားသောက်ဖျက်ဆီးမှုတွေ ရှိလာတယ်။ ဒါပေမယ့် လူတွေနဲ့ နေအိမ်တွေကိုတော့ ရန်ပြုဖျက်ဆီးတာ မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ လူနဲ့ဆင် ပဋိပက္ခ မဖြစ်စေဖို့ လူနေအိမ်တွေနားကို မရောက်စေဖို့အတွက် ကွန်ဂျီဆင်ခေါ် တိုက်ဆင်တွေနဲ့ ခြောက်လန့် မောင်းထုတ်ပေးနေရတယ် '' ဟု ပြောသည်။

 

လက်ရှိတွင် အောက်မတ္တရာကြိုးဝိုင်းအတွင်း၌ စွယ်စုံ၊ ဟိုင်း၊ ဟန်၊ ဂုတ်၊ ဆင်မ၊ တည် စသည့် တောဆင်ရိုင်း ကောင်ရေ ၅၀ ခန့် ကျက်စားနေထိုင်လျက် ရှိသည့်အပြင် နောင်ချိုနယ်မှ အများဆုံး လာရောက်သည့် ဧည့်ဆင်ရိုင်း ကောင်ရေ ၂၀ ဝန်းကျင်ခန့်လည်း ဝင်ရောက် ကျက်စားလေ့ရှိကြောင်း သိရပြီး ၂၀၁၈ ခုနှစ်အတွင်း၌ ပါပေါကျေးရွာတွင် သစ်တောရဲကင်းစခန်းတစ်ခု ချထားခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ဖေဖော်ဝါရီလအထိ တောဆင်ရိုင်းများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း မရှိသေးကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)