နေပြည်‌တော် ၂၁ ဖေဖော်ဝါရီ

           

ရန်ကုန်တိုင်းဒေသကြီး  တောင်ပိုင်းခရိုင်   သန်လျင်မြို့နယ် သန်လျင် - သီလဝါ တိုးချဲ့ လမ်းမကြီး စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် သန်လျင်မြို့နယ်၊ သန်လျင် တံတားအနီးတွင် ကျင်းပသည်။

             

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း၊ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမ၊ ဂျပန်နိုင်ငံ MLIT ဒုတိယဝန်ကြီး Mr. Yamada Kunihiro၊ JICA  မှ ဌာနေကိုယ်စားလှယ် Mr. Karazawa၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူ များ ၊ မြို့မိမြို့ဖနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

           

ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သန်လျင်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နမိတ် ပြင်ပတွင်ရှိသည့် စီးပွားရေးအဖွံ့ဖြိုးဆုံး၊ အအောင်မြင်ဆုံး စီးပွားရေး စက်မှုဇုန် တည်ရှိရာနေရာဖြစ်ပါကြောင်း၊ စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ အဆောက်အဦများ တိုးတက်ရန်လိုကြောင်း၊ အခု အဆင့်မြင့်လမ်းမကြီးကို ဂျပန်နိုင်ငံ JICA ODA Loan ဖြင့်ဖောက်လုပ်ခြင်းဖြစ်ပြီး ဂျပန်ကန်ထရိုက် တာမှ အဆင့်မြင့်နည်းပညာများဖြင့် တည်ဆောက်ခဲ့ သည့် Technical Transfer များ ရရှိခဲ့ကြောင်း၊ သို့ပါ၍ ယခုလို အဆင့်မီ လမ်းမကြီးကို စံနမူနာယူပြီး အခြားလမ်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုလို အဆင့်မြင့် လမ်းမကြီး ဖောက်လုပ်လိုက်သည့်အတွက် ပင်လယ်ထွက်ပေါက်ရှိသည့် သန်လျင်မြို့မှာ ပိုမိုတိုးတက်လာ မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်း၌ ယာဉ်ကြော ပိတ်မှုရှိ နေသော်လည်း သန်လျင် - သီလဝါဘက်မှ ကုန်တင်ပို့မှုကို (၂၄)နာရီ ပို့ဆောင်နေရသောကြောင့် ကုန်စည်းစီးဆင်းမှု အားကောင်းသဖြင့် သန်လျင်မြို့သည် စီးပွားရေးအားကောင်းသကဲ့သို့ ၎င်းနှင့် ဆက်စပ်သည့် ကျောက်တန်း၊ ခရမ်းသုံးခွ စသည့် မြို့များလည်း ဖွံ့ဖြိုးလာမည်ဖြစ်၍ ရန်ကုန်မြို့အတွက် စီးပွားရေး အထောက်အကူများ ရရှိလာမည်ဖြစ်ကြောင်း။

           

ယခုလို သန်လျင် - သီလဝါ လမ်းမကြီးကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် JICA နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် အကောင်အထည်ဖော် ဆောင်ရွက်ကြသည့် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှကုမ္ပဏီများ ၊ ဆက်စပ်လျက်ရှိသည့် ဝန်ကြီးဌာနများ ၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဒေသခံပြည်သူများကို ကျေးဇူးတင်ဂုဏ်ပြု အပ်ပါကြောင်းနှင့် သန်လျင် - သီလဝါလမ်းမကြီး အဓွန့်ရှည်တည်တံ့အောင် ဒေသခံပြည်သူများမှ လည်း ပူးပေါင်းပါဝင် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန်လိုကြောင်း ပြောကြားသည်။

           

ထို့နောက် ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမ၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် ဂျပန်နိုင်ငံ MLIT မှ ဒုတိယဝန်ကြီး Mr. Yamada Kunihiro တို့က အမှာစကားပြောကြားသည်။

           

ယင်းနောက် ဒေသခံတစ်ဦးက လမ်းတည်ဆောက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့မိမြို့ဖ(၄)ဦးနှင့် လူရည်ချွန် (၅) ဦးတို့က လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

           

ဆက်လက်၍ ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဂျပန်သံအမတ်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဂျပန်နိုင်ငံ MLIT မှ ဒုတိယဝန်ကြီး၊ JICA Myanmar Office မှ ဌာနေကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ လမ်းတစ်လျှောက် မော်တော်ယာဉ်ဖြင့် ဖြတ်သန်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)