ပြင်ဦးလွင် ၂၁ ဖေဖော်ဝါရီ

 

ပြည်သူများနှင့် အစိုးရတာဝန်ရှိသူများအကြား ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင် ရန်ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက ညောင်ကုန်းကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက အဖွင့်မှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသန်းဌေးက ပြည်သူ့စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိမြတ်က ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများနှင့် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှုများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းက ကျေးလက်လမ်း တံတားများဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများ၊ ဘတ်ဂျက်အလိုက် ကျေးလက်လမ်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီး ဆွေးနွေးခဲ့သည်။

 

ယင်းနောက် တက်ရောက်လာသော ပြည်သူများက ကျေးလက်လမ်းဆက်သွယ်ရေးဆိုင်ရာကိစ္စများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် သက်မွေးသင်တန်းများ သင်ကြားမှုအခြေအနေများအား မေးမြန်းရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအသီးသီးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

 

မြတ်ဆုမွန်