ရန်ကုန် ၂၁ ဖေဖော်ဝါရီ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြီးမှူးကျင်းပသော မြို့တော်ဝန်ဆု တတိယအကြိမ် ပြည်သူ့နီတိ ပညာပေးစာမေးပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော်ခန်းမရှိ ခန်းမကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့နီတိအသိပညာပေး စာမေးပွဲကျင်းပနိုင်ရန်အတွက် ဆောင်ရွက်ပေးကြသည့် ဆရာကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဗဟိုအဆင့်ပြိုင်ပွဲ အထက်တန်းအဆင့်၌ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူ (၁၀) ဦး ကိုလည်းကောင်း၊ အလယ်တန်းအဆင့်၌ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရသူ (၁၀) ဦးကိုလည်းကောင်း မူလတန်းအဆင့်၌ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူ (၁၀) ဦးကိုလည်းကောင်း၊ တိုင်းစည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ဒုတိယမြို့တော်ဝန် ဦးစိုးလွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်သူ့နီတိပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက အလှူရှင်များကိုလည်ကောင်း၊ ကျင်းပရေးဦးစီး ကော်မတီ အတွင်းရေးမှူးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြည်သူ့နီတိ လူငယ်ညီလာခံတွင် ပါဝင်ကူညီကြသူများကိုလည်းကောင်း ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက်ရန်ကုန်စည်ပင် နယ်နမိတ် (ပြင်ပ) ရှိ မြို့နယ် ၁၁ မြို့နယ်နှင့် ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၂ မြို့နယ်မှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့မှ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကိုလည်းကောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါတတိယအကြိမ် ပြည်သူ့နီတိ ပညာပေး စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၄၃) မြို့နယ်ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၉၁၄၁၆) ဦး ဝင်ရောက်ဖြေဆိုကြပြီး ဆုရရှိကြသော ကျောင်းသား ကျောင်းသူ (၈၃၇) ဦးကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကာ ဗဟိုအဆင့် ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူ (၃၉) ဦးကို ဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံတင်စိုး(မြန်မာ့အလင်း)


