နေပြည်တော် ၂၁ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာသမိုင်းအဖွဲ့၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ ဂီတပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုဆိုင်ရာပညာရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေအနှစ်များ များစွာပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့် ရှေးဟောင်းမြန်မာ သမိုင်းကြောင်း တစ်လျှောက်တွင် အနုပညာလက်ရာများ၊ ဗိသုကာလက်ရာများ၊ ဒြပ်ရှိ ယဉ်ကျေးမှုများအဖြစ် နိုင်ငံတစ်ဝန်း အမြောက်အမြား တွေ့ရှိနိုင်ပါကြောင်း၊ ထို့အတူ ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများ၊ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ပွဲတော်များ စသည့် ဒြပ်မဲ့ယဉ်ကျေးမှုများကိုလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးတွင် ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ထိုသို့ ခေတ်အဆက်ဆက် ပေါ်ထွန်းတည်ရှိခဲ့သည့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်များ သည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် ဂုဏ်ယူစရာ ကောင်းလှပါကြောင်း၊ နိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ်များထဲမှ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ စသည့် ပျူမြို့ဟောင်း (၃)မြို့ သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်က ကမ္ဘာ့အမွေအနှစ်အဖြစ် တက်လှမ်းနိုင်ခဲ့သကဲ့သို့ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည်လည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၆)ရက်က အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီးဖြစ်ပါကြောင်း။
ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ်လည်း မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ကျောက်စာများ၊ ပုဂံဒေသရှိ မြစေတီ (ရာဇကုမာရ်) ကျောက်စာနှင့် ပုဂံရွှေစည်းခုံဘုရားရှိ ဘုရင့်နောင်မင်းတရားကြီး ခေါင်းလောင်းစာများသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစွာ မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ရှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြ ကျောက်စာကိုလည်း ၂၀၁၈ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်းသတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေးအတွက်လည်း ၂၀၂၀ပြည့်နှစ်တွင် UNESCO သို့ ဆက်လက်တင်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး အတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ကော်မတီများဖွဲ့စည်း၍ အဆိုပြုစာတွဲ Nomination Dossier (Draft) ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်တွင် UNESCO World Heritage Centre သို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ယူနက်စကိုဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ တစ်ဆင့် ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ အဆိုပြုစာတွဲ(အပြည့်အစုံ) တင်ပြနိုင်ရေးအတွက် ကဏ္ဍအသီးသီးက ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အတူ မိမိတို့နိုင်ငံတွင် ဒြပ်မဲ့အမွေအနှစ် ထောင်ပေါင်းများစွာရှိပါကြောင်း၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီအနေဖြင့် အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အတည်ပြုပြီးသည့် စာရင်းအရ (၂၂၁၇)ခု ရှိသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျန်ရှိနေသေးသည့် ဒြပ်မဲ့အမွေအနှစ်များကို စာရင်းကောက်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ အမျိုးသားဒြပ်မဲ့ အမွေအနှစ်စာရင်းသို့ ဆက်လက် သတ်မှတ်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
UNESCO ၏ ကမ္ဘာ့ဒြပ်မဲ့ အမွေအနှစ်စာရင်းကိုကြည့်ပါက ကမ္ဘာ့နိုင်ငံ (၁၂၇)နိုင်ငံ၏ ကိုယ်စားပြု ဒြပ်မဲ့အမွေအနှစ်စာရင်းသည် (၅၄၉)ခုရှိနေပြီဆိုသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထိုအထဲတွင် မြန်မာနိုင်ငံက တစ်ခုမှမပါရှိသေးပါကြောင်း၊ တစ်နိုင်ငံလုံး လွှမ်းခြုံအောင်ဟု ပြောနိုင်သည့် "မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့"ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရန် ကြိုးစားတင်ပြနေသည်ကို ဆက်လက်တိုက်တွန်း အားပေးပါကြောင်း။ ထိုကိစ္စများသည် မြန်မာနိုင်ငံ၏ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်အဆင့်သို့ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်မှုများပင် ဖြစ်ပါကြောင်း။
အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များသည် မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိနေပြီး ထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ်များကိုသာမက တိမ်မြှုပ်နေသည့် ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ် သုတေသနပြုရန် လိုအပ်နေမည် ဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရန် မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ရှိကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတိအလင်းဖော်ပြထားပါကြောင်း။
မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အဓိကဦးဆောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် ရှေးဟောင်းအဆောက်အအုံဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေး ဥပဒေများကို ၂၀၁၅ခုနှစ်ကတည်းက ပြင်ဆင်ရေးဆွဲပြဋ္ဌာန်း၍ ကာကွယ်ထိန်းသိမ်းခဲ့ပြီး ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကိုအသစ် ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းဥပဒေသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုသာမက ဒေသခံပြည်သူများ၏ လူနေမှုဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဟန်ချက်ညီညီ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရေးဆွဲထားသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပသော စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ အမျိုသား ယဉ်ကျေးမှု ဗဟိုကော်မတီကို တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း ဖော်ထုတ်ခြင်းနှင့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဌာနတစ်ခုနှင့်တစ်ခု အတူလက်တွဲ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကဏ္ဍအသီး သီးတွင် ပိုမိုတိုးတက် ကောင်းမွန်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်သည့် နေရာတွင် အကြံဉာဏ်ကောင်းများနှင့် ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်း၍ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံတော်အတွင်းရှိ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေမှုနှင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အား ယူနက်စကို အသိအမှတ်ပြုစာရင်း တင်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ဗဟို)မှ နိုင်ငံတကာဆက်ဆံရေးမှူး ဦးမိုးကျော်သန့်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဦးနေဝင်း တို့က ဗဟိုကော်မတီ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်(၂၁)ခုအနက် (၁၄)ခု ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ(၇)ခုတို့အား မှတ်တမ်းတင် ပေးနိုင်ရန်၊ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုများနှင့် အနုပညာများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ချက်များနှင့်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများတွင် ကျူးကျော်ဝင်ရောက်နေသူများအား အသိပညာပေးရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရေး၊ ဗိသုကာလက်ရာနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး၊ ဒြပ်မဲ့ယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများအပေါ်သို့ တက်ရောက်ခွင့်ကို ထိရောက်စွာ တားမြစ်ပိတ်ပင်ပေးနိုင်ရေး၊ ပုဂံဒေသတွင် ဒီဂျစ်တယ်မြေပုံအသုံးပြုနိုင်ရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ဖွဲ့စည်း၍ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခရီးသွားများအတွက် လုံခြုံရေးဆောင်ရွက်ပေးနေမှု၊ ကမ္ဘာလှည့် ခရီးသွားများကို အသိပညာပေး လက်ကမ်းစာ စောင်များ ဖြန့်ဝေရေး၊ ဒြပ်မဲ့ယဉ်ကျေးမှု သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေမှုများ နှင့်စပ်လျဉ်း၍ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်၊ အနုပညာများ မပျောက်ပျက်စေရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုအခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယသမ္မတ က နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များသည် ယင်းနိုင်ငံ၏ ပုံရိပ်တစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ နိုင်ငံသားအားလုံးအနေဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအလှအပ ရှုခင်းများနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာလှည့်ခရီးသွားများက များစွာစိတ်ဝင်စားမှု ရှိပါကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် များစွာ အထောက်အပံ့ဖြစ်စေပါကြောင်း၊ ကမ္ဘာ့နိုင်ငံများကို လေ့လာကြည့်လျှင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ချုပ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်သည့် တိုးတက်မှု ၄၀ ဒသမ၂ရာခိုင်နှုန်းရှိသဖြင့် တိုးတက်မှု အမြန်ဆုံးနေရာအဖြစ် ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ ထိုသို့ တိုးတက်မှုရှိလာခြင်းသည် သက်ဆိုင်ရာ ကဏ္ဍအသီးသီး၏ ဝိုင်းဝန်း ကြိုးပမ်းမှုကြောင့်ပင် ဖြစ်ပါကြောင်း၊ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းတင်သွင်းမည့်နည်းတူ မြန်မာ့သနပ်ခါးကိုလည်း လက်ရှိ စိုက်ပျိုးနေသည့် ဒေသများ အပြင် အခြားဒေသများတွင်ပါ တိုးချဲ့စိုက်ပျိုးသွားစေလိုကြောင်း၊ ထို့ပြင် သနပ်ခါး၏ အရေးပါမှုနှင့် အသုံးဝင်မှုကိုလည်း ကမ္ဘာကသိရှိအောင် ကြော်ငြာရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရုပ်သေးလောကနှင့် အနုပညာနယ်ပယ်များတွင် ကျွမ်းကျင်သူများ နည်းပါးလာလျက်ရှိရာ ခါးဆက်မပြတ်စေရန် မျိုးဆက်သစ်ပညာရှင်များ မွေးထုတ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြား၍ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများနှင့် ယဉ်ကျေးမှု ဆိုင်ရာပညာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
သတင်းစဉ်


