နေပြည်တော် ၂၁  ဖေဖော်ဝါရီ 

 

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး   (၂၂/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၌ ကျင်းပသည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  မိမိတို့နိုင်ငံတွင် လက်ရှိ၌ Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူများ မတွေ့ရှိရသေးသော်လည်း အချိန်မရွေးလူနာများ ဖြစ်ပွား တွေ့ရှိလာနိုင်သည် ဆိုသည့်အချက်ကို မိမိတို့ဝန်ထမ်းများနှင့် ပြည်သူများသည် အထူးသတိပြုရ မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နှီးနွှယ် ဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများသည် ယင်းအချက်ကို နောက်ခံထား၍ ရောဂါကာကွယ်မှု၊ ထိန်းချုပ်မှုလုပ်ငန်းများကို ဆေးရုံများ၌ ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ အကယ်၍ COVID-19 လူနာ (၄) – (၅) ဦး တစ်ချိန်တည်း စုပြုံ၍ ဆေးရုံတစ်ရုံသို့ ရောက်ရှိလာပါက မည်သို့ဆောင်ရွက်ရမည်ကို ကြိုတင်စဉ်းစားထား၍ အသင့်ပြင် ဆင်ထားရှိရမည် ဖြစ်ပါကြောင်း။

ထိုသို့ လူနာများတွေ့ရှိခဲ့ပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဖြစ်ရပ်အခြေပြုနှင့် စားပွဲတင် လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ လမ်းညွှန်မှုများ ပေးအပ်ရန် အရေးကြီးပါကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဆေးရုံများအား ဗဟိုအဆင့် ကြီးကြပ်ကွပ်ကဲခြင်းနှင့် ကျန်ဆေးရုံကြီးများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဉီးစီးဌာနမှူးများမှ ကွပ်ကဲဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများကို ရေးဆွဲထားသော Checklist များဖြင့် ချက်ချင်းစစ်ဆေး လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်နှင့် နီးသော ဆေးရုံများ၌ ကြိုတင်စိစစ် ဆန်းစစ်ကာ ဆောင်ရွက်သွားရန် အထူးအရေးကြီးပါကြောင်း။

 

တစ်ပါတည်းပြောကြားလိုသည်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူးများ အနေဖြင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းမှုဖြင့် လုပ်ငန်းများ‌ကို လုံးဝအရှိန် မလျှော့ဘဲ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်မှုတွင် ဆေးရုံနှင့် ပြည်သူလူထု အခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများသည် ယခုလော လောဆယ်အချိန်ကာလ၌ မရှိမဖြစ် လုပ်ဆောင်ရန် အရေးပါသည့်အတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (TMO) များက သက်ဆိုင်ရာ မြို့နယ်အလိုက် အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးသော COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ထမ်းများအတွက် ညွှန်ကြားချက်များ၊ ပြည်သူများအတွက် အသိပေးနှိုးဆော်မှုအကြောင်း အချက်များ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုအဆင့်  နေ့စဉ်အစည်းအဝေး မှတ်တမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများနှင့် နှီးနွှယ်ဌာနများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် သတင်းများ၊ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပေါ်မှုအခြေအနေများ အစရှိသည်တို့ကို သိသာထင်ရှား ဖတ်ရှုလွယ်စေရန် အတွက် စနစ်တကျ ထားသိုထားရမည်ဖြစ်ပါကြောင်း။

 

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်၏ သတင်း ထုတ်ပြန်ချက်နှင့် ပြောကြားချက်များ၊ ညွှန်ကြားချက်များအား နေ့စဉ် နားထောင်ခြင်း၊ သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်းတို့ကို ပြုလုပ်ပြီး လက်တွေ့မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် မဟာဗျူဟာများ ချမှတ်လုပ်ဆောင်ရန် လိုအပ်ပါကြောင်းနှင့် ယခုလက်ရှိတွင် ထိုသို့ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး လုပ်ငန်းတာဝန်ရှိသူများ အနေဖြင့် အခြားနိုင်ငံများရှိ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး လုပ်ငန်းတာဝန်ရှိသူများနှင့် ထူးခြားဖြစ်စဉ်များအပြင်၊ လုပ်ငန်းစဉ်များအားလည်း အသိပေးညှိနှိုင်းဖလှယ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ဤရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများသည် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်မှ ကမ္ဘာတွင် ဆောင်ရွက်နေမှုများနှင့် ချိတ်ဆက်မှုရှိရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင် အဖွဲ့များသည်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထပ်မံရောက်ကြောင်း သိရှိရသည့်အတွက် ဤရောဂါနှင့်ပတ်သက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ဖြစ်ပွားမှု သတင်းအချက်အလက်များ ပိုမိုတိကျ ပြည့်စုံစွာ သိရှိနိုင်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့်များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း။

 

အလားတူစွာ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူများသည် နယ်စပ်ဝင်ပေါက် ထွက်ပေါက်များ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တစ်ပတ်လျှင်  အနည်းဆုံး နှစ်ကြိမ် တယ်လီဖုန်းနှင့် ခေတ်ပေါ်ဆက်သွယ်ရေး ကွန်ရက်များ ကို အသုံးပြုဆက်သွယ်၍ သတင်းများ ဖလှယ်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှ ပြောကြားချက်ဖြစ်သော ဤရောဂါဖြစ်ပွားသူ (၁၀၀) လျှင် (၈၀) ရာခိုင်နှုန်းမှာ ပြင်းထန်မှုနည်းပါးသော ရောဂါခံစားရခြင်း၊ (၁၅) ရာခိုင်နှုန်းမှာ ပြင်းထန်သည့် ရောဂါခံစားရခြင်း၊ (၅) ရာခိုင်နှုန်းမှာ အထူးပြင်းထန်စွာ ရောဂါခံစားရခြင်း ဖြစ်ပွားသည်ဟု သိရှိရသည့် အချက်မှာ ပြည်သူ့ကျန်းမာရေး ရှုထောင့်နှင့် ကုသရေးရှုထောင့်မှ အရေးကြီးသည့် သတင်းအချက် တစ်ချက်ဟု သတ်မှတ်၍ရသည့်အပြင် မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှု ရှိလာပါကလည်း ဤပုံစံအတိုင်း ဖြစ်နိုင်ပါကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေး ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယခုလောလောဆယ် ကာလအတွင်း တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ပြုလုပ်ရန်လိုအပ်ပါကြောင်း။

 

ရောဂါပိုးသတ်သန့်စင်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဓာတုဆေးပစ္စည်းများ မိမိတို့ လက်ဝယ်ရှိမှု အခြေအနေနှင့် လိုအပ်ပါက ချက်ချင်း ဖြည့်တင်း ဆောင်ရွက်သွားရန် ဘဏ္ဍာငွေ ချထားမည်ဖြစ်ပါကြောင်း။

 

ခြုံငုံသုံးသပ်ရမည်ဆိုပါက COVID-19 နှင့် ပတ်သတ်၍ စောစီးစွာ စုံစမ်းထောက်လှမ်းခြင်း နှင့် ကုသပေးခြင်း ( Early detection and prompt treatment)၊ အနီးကပ်ထိတွေ့ သူများအား စုံစမ်း ထောက်လှမ်းခြင်း (Contact tracing)  သေချာစနစ်ကျစွာ အားလုံးပေါင်းစည်း လုပ်ကိုင်ပါက မိမိတို့ မျှော်မှန်းသည့် COVID-19 ရောဂါ ဖြစ်ပွားမှုမရှိခြင်း ဖြစ်ပွားပါကလည်း ထိခိုက်သေဆုံးမှု နည်းပါးခြင်း စသောအခြေအနေများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် မိမိအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဝန်ထမ်းများအားလုံးနှင့် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများက ဆက်လက်ကြိုးပမ်း အားထုတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များအရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက် ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒ ရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ WHO Situation Report no.31 ၌ သံသယလူနာနှင့် ဓာတ်ခွဲအတည်ပြုလူနာ သတ်မှတ်ချက် ပြောင်းလဲခဲ့မှုအား တင်ပြမှု၊ COVID-19 ရောဂါနှင့်ပတ်သတ်သည့် ရောဂါဗေဒဆိုင်ရာများ၊ နိုင်ငံတကာတွင် ဆောင်ရွက်ထားရှိသော  သုတေသနစာတမ်းများအား အကျဉ်းချုပ် တင်ပြမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ အကြောင်းကြားထားသည့် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန်ရှိသည့် အပျော်စီးသင်္ဘောများ၏ ခရီးလမ်းစဉ်၊ ခန့်မှန်းခရီးသည်စာရင်း၊ နိုင်ငံတကာ ဆိပ်ကမ်းများတွင် တက်/ဆင်းခရီးသည် အသစ်များရှိမှု၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆိပ်ကမ်းအာဏာပိုင်များ၊ ကုမ္ပဏီများနှင့် တွေ့ဆုံ၍ ဆွေးနွေး ဆောင်ရွက်ရန် စီစဉ်ထားရှိမှု၊ အမေရိကန် US CDC အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့မှု၊ ၎င်းအဖွဲ့မှ ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသော လူထုအခြေပြုရောဂါ စောင့်ကြပ်ကြည့်ရှုမှုအပေါ် ဆက်လက်လုပ်ဆောင်ရန် ထောက်ခံခဲ့မှု၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် တရုတ်နိုင်ငံသား (၈) ဉီးအား လုပ်ငန်းခွင်အတွင်း အသွားအလာ ကန့်သတ်ခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြခြင်း၊ မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံ၌ သီးခြားထားရှိ ကုသဆောင် ပြင်ဆင်ထားရှိ ဆောင်ရွက်နေမှု အခြေအနေများ၊ ခုတင် (၅၀)နှင့် အထက် ဆေးရုံများတွင် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများတွင် အသုံးပြုရန် လက်ကိုင်အသံချဲ့စက်ငယ်များ စီမံဝယ်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ စောင့်ကြည့် လူနာများတွင် ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီးနောက် (၄၈) နာရီ ထပ်မံထားရှိပြီးမှသာ ဆေးရုံမှ ဆင်းခွင့်ပေးမှု၊ ထိုသို့ဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း (၁၄) ရက်ကြာ ရောဂါစောင့်ကြပ်ကြည့်ရှုမှု စောင့်ကြည့်လူနာ၏ လိပ်စာနှင့် ဖုန်းနံပတ်များရယူ၍  ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဆက်သွယ်ဆောင်ရွက်နေမှု၊ ဆေးရုံများအတွက် အသက်ရှူစက်များ (Ventilator) များ ထပ်မံဝယ်ယူဖြည့်တင်း ထားရှိမှုနှင့် ဆက်လက်ဝယ်ယူရေး စီစဉ်ထားရှိမှု၊ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို တွက်ဆရေးဆွဲထားသည့် စီမံချက် (COVID-19 Contingency plan) အား ရေးဆွဲထားရှိမှုနှင့် နိုင်ငံတကာမှ လာရောက်ရန်ရှိသည့် ဆေးပစ္စည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြား ခဲ့ကြသည်။

 

(သတင်းစဉ်)