နေပြည်တော် ၂၁ ဖေဖော်ဝါရီ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ချင်းပြည်နယ်ဦးစီးဌာနရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ချင်းပြည်နယ် ဟားခါးမြို့၌ ကျင်းပသည်။
ရှေးဦးစွာ သိက္ခာတော်ရဆရာတော် ဒေးနစ်ငွန်ထောင်းမန်က အဖွင့်ဆုတောင်းမှု ပြုလုပ်ပေးပြီး အဆောက်အအုံသစ်အား ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံး နှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက် ချင်းပြည်နယ်ဦးစီးဌာနရုံး ဆိုင်းဘုတ်အား ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တို့က ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဦးစီးဌာနရုံး အဆောက် အအုံနှင့် အဆောက်အအုံအတွင်း ခင်းကျင်းပြသထားသော တိုင်းရင်းသားပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းများ၊ တိုင်းရင်းသားဒေသများသို့ ဝန်ထမ်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည့်မှတ်တမ်းများနှင့် ဓါတ်ပုံများအား လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ လိုအပ်ချက်နှင့်အညီ ယခုအစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းပေါ်ပေါက်လာခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကားစာပေယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်း အစဉ် အလာများ မပျောက်ပျက်စေရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရသင့်ရထိုက်သော အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန် ကာကွယ်စောင့်ရှောက်ရေးနှင့် တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရည်ရွယ်လျက် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိကြောင်း။
အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားခွင့်ရရှိရေးနှင့် သင်ကြားမှု အထောက်အကူပြု ဒေသခံတိုင်းရင်းသား ဆရာ ဆရာမများ ခန့်ထားနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ တိုင်းရင်းသားဘာသာ ၆၄ မျိုး သင်ကြားခွင့် ရရှိခဲ့ပြီး ဒေသခံတိုင်းရင်းသား Teaching Assistant ၁၁၇၁၈ ဦးနှင့် Language Teacher ၂၀၁၉၉ ဦး အလုပ်ခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ဝေးလံခေါင်ပါးသော ဒေသများရှိ တိုင်းရင်းသားများအား တိုင်းရင်းသားဘာသာသင် ဆရာ ဆရာမများ ထပ်မံခန့်ထားခွင့်ရရှိရေး၊ တိုင်းရင်းသားဘာသာ ပြဋ္ဌာန်းစာအုပ်များ တစ်ပြည်လုံး ပုံနှိပ်ထုတ်ဝေပေးရေး၊ အသက်မွေးဝမ်း ကျောင်းတက္ကသိုလ် ကောလိပ်များ တက်ရောက်နိုင်ရေးအတွက် ဝင်ခွင့်ရမှတ် လျှော့ပေါ့ပေးရေး၊ တိုင်းဒေသကြီး ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများက ထောက်ခံအဆိုပြုသူ တိုင်းရင်းသားလူငယ်များအား သတ်မှတ်အရေအတွက်ခွဲတမ်းဖြင့် တက်ရောက်ခွင့်ရရှိရေးတို့ကို ဖေဖော်ဝါရီ ၁၁ ရက်၌ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီး ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများက တင်ပြထားပါကြောင်း။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ ပဋိပက္ခများ၊ လူမျိုးရေးကိုအခြေခံသော အယူအဆသဘောထား ကွဲလွဲနေမှုများသည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် ကြီးမားသော ကွက်လပ်တစ်ခုဖြစ်ရာ ထိုအရာများကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဝိုင်းဝန်းပြုပြင်တည့်မတ်နိုင်ရန် အလျင်အမြန် လိုအပ်နေပါကြောင်း။
ယခုအချိန်သည် တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ သမိုင်းဝင်ကဏ္ဍများကို အသိအမှတ် ပြုလျက် ထိုက်တန်သောတန်ဖိုးများကို ဖန်တီးပုံဖော်ရန် အချိန်အခါကောင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သည့် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချ၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန် နိုင်ငံတော်အစိုးရက သန္နိဋ္ဌာန်ချထား ပြီးဖြစ်ပါကြောင်း၊ ထို့အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်အညီ ပြင်ဆင်ရေးဆွဲ နိုင်ရေးအတွက် နိုင်ငံတော်အစိုးက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ၌ ပြည်ထောင်စုတိုင်းရင်းသား အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြမှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်၍ ငြိမ်းချမ်းသာယာသော နိုင်ငံတော်ကြီး ပေါ်ထွန်းနိုင်ရန်အတွက် တိုင်းရင်းသားများအချင်းချင်း အပြန်အလှန် နားလည်မှု ယုံကြည်မှု ပူးပေါင်း ဆောင်ရွက်မှု စွမ်းအားများဖြင့် ကြိုးပမ်းတည်ဆောက်ကြရန် ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ရုံးအဆောက်အအုံ ဆောက်လုပ်ခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဇိုမီးကျောင်းသားများအဖွဲ့၊ ဖလမ်း ကျောင်းသားများအဖွဲ့၊ လိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ချိုချင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဇိုစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများအား ချင်းတိုင်းရင်းသားရိုးရာ အစား အစာများဖြင့် တည်ခင်းဧည့်ခံစဉ် ဇိုမီးတက္ကသိုလ်ကျောင်းသားများအသင်း(ဟားခါး)၊ လိုင်လူငယ် အသင်း၊ ဖလမ်းလူမှုရေးအသင်း(ဟားခါး)၊ မရာလူငယ်အသင်း(ဟားခါး)နှင့် ချို(ချင်း)အဖွဲ့တို့က တိုင်းရင်းသားယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ ဟာခါးမြို့၊ အိပ်မက် တော်ရ သစ္စာအောင်မြေကုန်းတော် မာလဝိဇယမဟာမြတ်မုနိရုပ်ပွားတော်ကြီးအား သွားရောက် ဖူးမြော်ပြီး နိုင်ငံကျော်ဓမ္မကထိက၊ ချင်းတောင်တန်းသာသနာပြုဆရာတော် ဒေါက်တာ ဘဒ္ဒန္တ တေဇောသာရထံ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယခုဖွင့်လှစ်သည့် အဆောက်အအုံသစ်သည် ပေ (၆၀ x ၈၀ ) သံကူကွန်ကရစ် နှစ်ထပ် ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ စတင်တည်ဆောက်ခဲ့ကာ ဝန်ကြီးဌာန၏ အဋ္ဌမမြောက် ရုံးအဆောက်အအုံအသစ်ဖြစ်၍ အဆိုပါအဆောက်အအုံများတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ အပါအဝင် တိုင်းရင်းသားများ၏ ဆုံစည်းရာနေရာ Ethnic Communication Center အဖြစ် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ခုနှစ်၌ ချင်း ပြည်နယ်တွင် Teaching Assistant နှင့် Language Teacher ဆရာ ဆရာမပေါင်း ၁၀၀၀ ခန့် ခန့်အပ်ခဲ့ပြီး တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များကို မျိုးနွယ်စု ၂၇ မျိုး၊ မြန်မာဘာသာဖြင့် ၁၈ မျိုး တို့ဖြင့် ၁၇၀၄၃၆ အုပ်ကို ပညာသင်နှစ် ၃နှစ်အတွင်း သုံးသုတ်ခွဲ၍ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


