နေပြည်တော် ၂၁ ဖေဖော်ဝါရီ
စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မင်းရဲပိုင်ဟိန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပလျက်ရှိသည့် (၈)ကြိမ်မြောက် နိုင်ငံတကာ စက်မှုနည်းပညာပြပွဲသို့ရောက်ရှိပြီး စက်မှုနည်းပညာများ၊ ဆောက်လုပ်ရေးနည်းပညာများ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာများ၊ လုံခြုံရေးနည်းပညာများ၊ လျှပ်စစ်ထုတ်လုပ်ရေး နည်းပညာများနှင့် ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းထုတ်လုပ်မှု နည်းပညာပြခန်းများ၊ ဒေသတွင်း MSMEs ထုတ်ကုန်ပြပွဲပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းအရောင်းပြခန်းများ၊ စားသောက်ကုန် အရောင်းပြခန်းများ၊ BPI ဆေးဝါးအရောင်းပြခန်းများ၊ အဝတ်အထည် အရောင်းပြခန်းများကို လှည့်လည် အားပေးကြည့်ရှုသည်။
မြန်မာနိုင်ငံ၏အနာဂတ် စက်မှုနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မျှော်၍ နိုင်ငံတကာ နည်းပညာပြပွဲအား ၂၀၁၆ ခုနှစ်မှစ၍ တစ်နှစ်လျှင် နှစ်ကြိမ် ရန်ကုန်မြို့နှင့် နေပြည်တော် တို့တွင် ကျင်းပလာခဲ့သည်မှာ (၈)ကြိမ်မြောက်ရှိပြီ ဖြစ်သည်။ ပြပွဲတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် စက်မှုလုပ်ငန်းများမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ ထုတ်ကုန် ပစ္စည်းများကို မိတ်ဆက်ပြသခြင်း၊ ရောင်းချခြင်း၊ ပြည်တွင်း/ပြည်ပကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများ ပြသခြင်း၊ ရောင်းချခြင်း၊ ပြည်တွင်းနည်းပညာဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီများက ထုတ်ကုန်ပစ္စည်းများအကြောင်း ရှင်းလင်းပြသခြင်း၊ အသိပညာပေး ဟောပြောပွဲများ ကျင်းပလျက်ရှိသည်။
ပြပွဲကို နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သော နည်းပညာကဏ္ဍများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် နည်းပညာအသုံးချ၍ Value Added ထုတ်ကုန်များကို ပိုမို ထုတ်လုပ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ယင်းပြပွဲများ ကျင်းပပေးခြင်းဖြင့် နိုင်ငံတကာမှ နည်းပညာများ မိတ်ဆက်ပြသနိုင်ခြင်း၊ နိုင်ငံတကာမှ နည်းပညာများနှင့် ပြည်တွင်းမှ နည်းပညာများကို အပြန်အလှန် ချိတ်ဆက်၍ နည်းပညာကဏ္ဍ အသီးသီးကို ပြည်သူလူထုများ ပိုမိုသိရှိနားလည်စေနိုင်ခြင်း၊ ပုဂ္ဂလိက လုပ်ငန်းများ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အဆင့်မြင့်နည်းပညာများ အသုံးချကာ ထုတ်လုပ်မှုအား ပိုမိုတွင်ကျယ်လာစေခြင်း၊ လုပ်ငန်းရှင်အချင်းချင်း အပြန်အလှန် ချိတ်ဆက်၍ နည်းပညာ ဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
အဆိုပါပြပွဲအား ဖေဖော်ဝါရီလ (၂၁)ရက်မှ (၂၃) ရက်အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
သတင်းစဉ်


