ငပလီ ၂၂ ဖေဖော်ဝါရီ
သံတွဲခရိုင် ငပလီမြို့ ဂျိတ္တောရပ်ကွက် ပုလဲကျွန်းအနီး ရေမိုင်နှစ်မိုင်ခန့် အကွာတွင် ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီတွင် ဒေသအခေါ် (မဂန်း) ဝေလငါးကြီးတစ်ကောင် ပုပ်ပွသေဆုံး၍ ပင်လယ်အတွင်း မျောပါလာကြောင်း ကမ်းနီးကမ်းဝေး ရေလုပ်သားများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါနေရာသို့ သံတွဲခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ သွားရောက်ကြည့်ရှုစစ်ဆေးရာ အဆိုပါဝေလငါးမှာ ကမ်းတင်နေခြင်းမရှိဘဲ ပင်လယ်ပြင်မှ ပုလဲကျွန်း အနောက်မြောက်ဘက်သို့ ရွေ့လျားနေကြောင်း၊ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီတွင် အဖွဲ့ဝင်များနှင့် ထပ်မံသွားရောက်ကြည့်ရှုစစ်ဆေးရာ ယင်းဝေလငါးမှာ ပုလဲကျွန်း အနောက်မြောက်ဘက် ကျောက်ဆောင်ကြားတွင် တင်နေကြောင်း၊ ထိုဝေလငါးသည် အလျား ၄၀-၄၅ ပေခန့်ရှိပြီး လုံးပတ် ပေ ၃၀ ခန့်ရှိပြီး ကျောက်ကြားတွင် ပုပ်ပွသေဆုံးနေကြောင်း သိရသည်။
ရန်ငြိမ်း(ပြန်/ဆက်)


