နန်းယွန်း ၂၂ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဖွင့်လှစ်သည့် ပရိဘောဂပြုလုပ်နည်းသင်တန်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန စုပေါင်းရုံးခန်းမတွင် ဖွင့်လှစ်သည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစမ်းမောင်က ကျေးလက်နေပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် သင်တန်းက တတ်မြောက်ခဲ့သည့်ပညာရပ်ဖြင့် မိမိဒေသတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး ဘဝရပ်တည်နိုင်အောင် ကျေးလက်ဦးစီးဌာနက ယခုလို သင်တန်းဖွင့်လှစ်ပေးလျက်ရှိကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခွါမတ်က သင်တန်းကာလတွင်လိုက်နာရမည့်စည်းကမ်း နှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ နန်းယွန်းမြို့နယ်မှ ဟာဝါး၊ ကြိုင်ရိုင်၊ ယောင်ငွေး၊ ကဲဆန်လုံခေါင်း၊ ချမ္မကောက်၊ နမ္မလစ်ကျေးရွာများမှ သင်တန်းသားနှင့် မြို့ပေါ်သုံးရပ်ကွက်က သင်တန်းသား ဆယ့်ငါးဦးတို့တက်ရောက်ကြမည်ဖြစ်ပြီး အဆိုသင်တန်းကို (၁၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


