လွိုင်ကော် ၂၂ ဖေဖော်ဝါရီ

 

ကယားပြည်နယ်အတွင်း အဓိကစိုက်ပျိုးသော သီးနှံများဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲပုတ်၊ ကုလားပဲသီးနှံများ စိုက်ပျိုးထုတ်လုပ်တိုးတက်ရေးနှင့် အရည်အသွေးကောင်းသီးနှံများ ထွက်ရှိလာစေရန်အတွက် စိုက်ပျိုးရာသီအလိုက်၊ သီးနှံစံပြကွက်၊ စမ်းသပ်ကွက်ဆောင်ရွက်မည့် တောင်သူလယ်သမားများအား ပြည်နယ်ရန်ပုံငွေဖြင့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးထောက်ပံ့ပေးအပ်ခြင်းကို လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက တောင်သူများ၏ အကျိုးစီးပွားကိုမျှော်ကိုးပြီး တစ်နိုင်တစ်ပိုင် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားဖြစ်၍ ဝမ်းမြောက်မိပါကြောင်း၊ ယခု ထောက်ပံ့မှုသည် ပြီးပြည့်စုံသည့် ထောက်ပံ့မှုတစ်ခုမဟုတ်ပါကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်းပေးခြင်းဖြစ်ပြီး တောင်သူများအတွက် အကျိုးအမြတ် ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ တောင်သူများ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများအသုံးပြုရာတွင် စံပြကွက်နှင့် စမ်းသပ်ကွက်များ ဆောင်ရွက်ရာ၌ အထောက်အပံ့ရရှိစေရန်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်သည် အဓိကသီးနှံအဖြစ် စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း အစရှိသည့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်နေပါကြောင်း၊ ယခုအခမ်းအနားတွင် မြို့နယ် (၇)မြို့နယ်မှ တောင်သူများ ပါဝင်တက်ရောက်သဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ အရေးအတွက် အမြင်ကျယ်ကျယ်ဖြင့် လိုအပ်ချက်များ တင်ပြပေးစေလိုပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍများကို ပိုမိုတိုးတက်အောင် နည်းပညာများမျှဝေပြီး မိမိတို့အကျိုး၊ ပြည်နယ်၏ အကျိုး၊ တောင်သူများအကျိုးကို အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားတွင် ပြောကြားသည်။

 

ဆက်လက်၍ ကယားပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးယှဉ်ထွန်းမှ သီးနှံစံပြကွက်၊ စမ်းသပ်ကွက်များအတွက် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးများ ပံ့ပိုးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်၊ ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးတို့က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ၊ ရွာသစ် စသည့်မြို့နယ်များအား ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် မြို့နယ်(၇)မြို့နယ်မှ တောင်သူများက တောင်သူများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးမှုများအတွက် ပြည်နယ်အစိုးရ အဖွဲ့နှင့် တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပြီး နောင်များတွင်လည်း ယခုထက်မက ပိုမိုထောက်ပံ့ပေးစေလိုပါကြောင်း၊ အခြားသော တောင်သူများကိုလည်း ပံ့ပိုးပေးစေလိုကြောင်း၊ ဘောလခဲမြို့နယ်မှ နှစ်စဉ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ကျပ်သိန်း(၃၀ဝ၀)ခန့် ထုတ်ချေးပေးပြီး ခရိုင်မြို့ဖြစ်သည်နှင့်အညီ စိုက်/ဘဏ် ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးစေလိုကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်မီထုတ်ချေးပေးစေလိုကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာကို ပြောင်းလဲနေပြီဖြစ်၍ စက်ယန္တရားအကူအညီများရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ စိုက်ပျိုးချေးငွေများ အနည်းငယ်သာရရှိသည့်အတွက် တိုးမြှင့်ပေးစေလိုပြီး မြို့နယ်တွင်းစိုက်ပျိုးသည့် သီးနှံများ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ မတက်ရောက်လာနိုင်သည့် သူများအတွက်ကိုလည်း ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးစေလိုပါကြောင်း၊ မိမိတို့အနေနှင့် အဓိကလိုအပ်သည်မှာ စိုက်ပျိုးရေဖြစ်ပြီး ယခုအခါရာသီဥတု မမှန်တော့သည့်အတွက် စိုက်ပျိုးရေကို အဓိကအားကိုးနေရပါကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးရေ ကောင်းစွာရရှိရေး ကူညီဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် အသီးသီး တင်ပြဆောင်ရွက်ခဲ့ကြသည်။

 

တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးမည့်အချက်များ၊ ရန်ပုံငွေလျာထားပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

 

ထို့နောက် စံပြကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးဆောင်ရွက်မည့် တောင်သူများကိုယ်စား ဒီးမော့ဆိုမြို့နယ်မှ တောင်သူ ဦးသိန်းမောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စိုက်ပျိုးရာသီအလိုက် သီးနှံစံပြကွက်၊ စမ်းသပ်ကွက်ဆောင်ရွက်မည့် တောင်သူလယ်သမားများအား ထောက်ပံ့ပေးအပ်မှုအနေဖြင့် မြို့နယ်(၇)မြို့နယ်အတွင်း အဓိကသီးနှံ(၁၀)မျိုးအပြင် ဖရဲနှင့် ချည်မျှင်ရှည်ဝါ အပါအဝင် စံပြကွက်/ စမ်းသပ်သီးနှံ စိုက်ပျိုးဧက (၈၄၁၅)ဧကအတွက် ပံ့ပိုးပစ္စည်းများဖြစ်သော မြေသြဇာ (၁၉၆၂၇)အိတ်၊ ပိုးသတ်ဆေး (၄၉၇၀)ထုပ်၊ မှိုသတ်ဆေး(၇၇၅၄)ထုပ်၊ မြေအောင်းဆေး (၃၉၄၈၅)ထုပ်အတွက် ငွေကျပ် (၈၆၃)သန်းနှင့် နည်းပညာပေး လုပ်ငန်းအတွက် ငွေကျပ် (၇၉၁.၂၃၇)သန်း စုစုပေါင်း ငွေကျပ် (၁၆၅၄.၂၃၇)သန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သီးနှံစံပြကွက် စမ်းသပ်ကွက်ဆောင်ရွက်မည့် မြို့နယ်(၇)မြို့နယ်မှ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ထွန်းလေး(ပြန်/ဆက်)