မန္တလေး ၂၂ ဖေဖော်ဝါရီ

 

မြန်မာနှင့် နီပေါ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် နီပေါနိုင်ငံသံရုံးနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့ပူးပေါင်း၍ နီပေါနိုင်ငံခရီးသွားနှစ် (Visit Nepal Tourism Year 2020) ကို မန္တလေးမြို့၊ ရတနာပုံစူပါစင်တာ လေးလွှာရှိ MRCCI ခန်းမတွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ အခမ်းအနားကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သော မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး Mr. Bhim K Udas၊ MRCCI ဥက္ကဋ္ဌ ဦးကျော်မင်းနှင့် တာဝန်ရှိသူများက ဆီမီးထွန်းညှိဖွင့်လှစ်ပေးကြပြီး ရိုးရာအကအလှများနှင့် နီပေါအလှဗီဒီယိုအား ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် နီပေါနိုင်ငံအသံအမတ်ကြီးတို့ အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက အမှတ်တရစကား ပြောကြားခဲ့သည်။ ယင်းနောက် MRCCI ဥက္ကဋ္ဌ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နီပေါနိုင်ငံသံအမတ်ကြီးက တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်၍ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

 

နီပေါခရီးသွားနှစ်(၂၀၂၀)အတွက် မြန်မာနိုင်ငံ၌ တတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ ရက်တွင် ပထမအကြိမ်အဖြစ် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ လည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်၌ လည်းကောင်း အသီးသီးကျင်းခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နီပေါနိုင်ငံအသံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MRCCI ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာ-နီပေါ ချစ်ကြည်ရေးသံတမန် မစ္စယွန်းယွန်း (ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်) နှင့် ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)