ရန်ကုန် ၂၂ ဖေဖော်ဝါရီ
ကင်းထောက် စတင်တည်ထောင်သူ လော့ဒ်ဗေဒင်ပါဝဲလ် အထိမ်းအမှတ်နေ့ (Scout Founder Day) နှင့် ကင်းထောက်လူငယ်များ၏ အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ မြန်မာနိုင်ငံ ကင်းထောက်ကြီး ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် ကင်းထောက်ကြီးများ၊ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးတင်ထွန်း၊ မြန်မာဝိုင်အမ်စီအေ၊ Habitat for Humanity Myanmar နှင့် Sailor's Society တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ၊ တက္ကသိုလ် ကင်းထောက်လူငယ်များ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကင်းထောက်လူငယ်များ၊ ကင်းထောက်ငယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ကမ္ဘာ့ကင်းထောက်အဖွဲ့ကို ၁၉၀၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့်အတွက် လော့ဒ်ဗေဒင်ပါဝဲလ် Founder Day သည် ယနေ့ဆိုလျှင် (၁၁၃)နှစ်ပြည့်ပြီဖြစ်သည့် အခမ်းအနားဖြစ်ကြောင်း၊ ကမ္ဘာ့ကင်းထောက်အဖွဲ့ကြီးသည် ကမ္ဘာ့နိုင်ငံ (၄)ခုကလွဲပြီး တစ်ကမ္ဘာလုံးကို လွှမ်းခြုံပြန့်နှံ့သွားကာ ကင်းထောက်အရည်အတွက် သန်း (၅၀)အထိ ရှိခဲ့ပြီး ကင်းထောက်အမျိုးသမီး အဖွဲ့သည်လည်း အဖွဲ့ဝင် (၁၀)သန်းကျော်နှင့် လှုပ်ရှားနေသည်အထိ ထူးခြားသည့် ဝိသေသဖြစ်သည်ကို တွေ့ရကြောင်း၊ ကင်းထောက်အဖွဲ့သည် နိုင်ငံရေးမဖက်၊ စစ်ရေးမစွက်၊ လူမှုရေးသက်သက်အတွက်သာ ဖွဲ့စည်းခဲ့တာဖြစ်၍ တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်သည့် ကမ္ဘာ့အကြီးဆုံး လူမှုရေးအဖွဲ့အစည်းကြီးအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း၊ ကင်းထောက် စတင်တည်ထောင်ခဲ့သူ လော့ဒ်ဗေဒင်ပါဝဲလ်၏ “ဤကမ္ဘာ လောကကြီးထဲသို့ ကျွန်ုပ်တို့ ရောက်ရှိနေထိုင်စဉ် ကာလထက် ပိုမိုကောင်းမွန်စွာ နေချင်စဖွယ်ရှိပြီး ထားရစ်နိုင်ဖို့ ကြိုးစားရန်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်ကြောင်း” ဆိုသည့် မျှော်မှန်းချက်အတိုင်း နိုင်ငံတဝှမ်းရှိ ကင်းထောက်မောင်မယ် လူငယ်များက မိမိနိုင်ငံသူ နိုင်ငံသားများအတွက် အားထားယုံကြည်ထိုက်သော၊ ဂုဏ်သိက္ခာရှိသော စွမ်းဆောင်ရှင်များဖြစ်ကြရန် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညိုက ကင်းထောက်တည်ထောင်သူ လော့ဒ်ဗေဒင်ပါဝဲလ်ရဲ့ အဆိုအမိန့်အရ “ကင်းထောက်ကတိ ကျင့်ဝတ်တွေကို စနစ်တကျ ကျင့်သုံးကြနိုင်မယ်ဆိုရင် ကမ္ဘာမှာ ပဋိပက္ခတွေ၊ စစ်ပွဲတွေ ရှိလာနိုင်မှာ မဟုတ်ဘူး” လို့ ဆိုခဲ့ကြောင်း၊ ကင်းထောက်တစ်ဦးရဲ့ ခံယူချက်မှာကိုက “Peace Start with me” ငြိမ်းချမ်းရေးအစ မိမိကလို့ ဖြစ်တာကြောင့် မိမိကိုယ်တိုင်ရဲ့ ငြိမ်းချမ်းမှုကို အများကို မျှဝေပေးနိုင်တာကြောင့် ယခုကမ္ဘာမှာ ကင်းထောက်အဖွဲ့၏ အဓိက လုပ်ငန်းစဉ်ကြီးအဖြစ် “ငြိမ်းချမ်းရေးရဲ့ သံတမန်များ” အဖြစ် ဦးစားပေး ဆောင်ရွက်နေပြီဖြစ်ကြောင်း ခေတ်အဆက်ဆက်မှာ သိက္ခာရှိရှိ အောင်မြင်လာခဲ့သည့် ကင်းထောက်အဖွဲ့ကို ယခုအခါ နိုင်ငံတော်အကြီးအကဲများ လက်ဆင့်ကမ်း ချီးမြှင့်လာခြင်းဖြစ်လို့ ပိုမိုတိုးတက်ပြီး လူထုအကျိုးပြု မွန်မြတ်တဲ့အဖွဲ့ကြီး ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားသွားရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ကင်းထောက်အကျိုးတော်ဆောင် တော်ဝင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးအားလည်းကောင်း၊ မြန်မာနိုင်ငံ ကင်းထောက်ကြီး ဒေါက်တာဦးသန်းဦးက မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်းများတွင် အစဉ်သဖြင့် ကူညီပေးသော Habitat for Humanity Myanmar မှ Co-ordinatior ဦးမြမင်းထွန်းအားလည်းကောင်း၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြသည်။
ထို့နောက် မြန်မာနိုင်ငံ ကင်းထောက်ကြီး စာရေးဆရာ ဦးဟိန်းလတ်က ကင်းထောက်ဖခင်ကြီး လော့ဒ်ဗေဒင်ပါဝဲလ်၏ သမိုင်းကြောင်းကိုလည်းကောင်း၊ အမျိုးသားစာပေဆုရ မြန်မာနိုင်ငံ ကင်းထောက်ကြီး စာရေးဆရာ ကောင်းသန့်က ကင်းထောက်ပညာနှင့် ကင်းထောက် အစဉ်အလာများကို ပညာပေးဟောပြောပြီး အမေရိကန်ပြည်ထောင်စုတွင် ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက် ဂျမ်ဘူရီ စခန်းချပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာကင်းထောက်အဖွဲ့ ကိုယ်စားပြု ပါဝင်ခဲ့သူ Brainworks Total International School မှ ကင်းထောက်လူငယ် မရှင်းသန့်လှိုင်က ကင်းထောက်စခန်းချ တွေ့ဆုံပွဲ အတွေ့အကြုံများကို လည်းကောင်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် Sharjah Interantional Scout တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကင်းထောက်ခေါင်းဆောင် မောင်မင်းမင်းထက်က တွေ့ဆုံပွဲ အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညိုက မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ သဘာဝဘေးအန္တရာယ် ကူညီလှူဒါန်းခြင်း အစီအစဉ်တွင် ကူညီလှူဒါန်းပေးခဲ့ကြသော တက္ကသိုလ်နှင့် ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်ပြီး အဖွဲ့ (၅)ဖွဲ့ခွဲကာ ကမ္ဘာ့ကင်းထောက်အဖွဲ့ လုပ်ငန်းများ၊ ငြိမ်းချမ်းရေး သံတမန်များ လုပ်ငန်းများ၊ ငြိမ်းချမ်းရေး စကားဝိုင်းများ၊ ကျား/မရေးရာ ကိစ္စများ၊ ကင်းထောက်အဖွဲ့ဝင် တိုးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆွေးနွေးကြပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ လူငယ့်ရေးရာ ညှိနှိုင်းရေးမှူး ကိုဖြိုးသူရဝင်းက မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ လုပ်ငန်းစဉ် ပြီးစီးမှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် အခမ်းအနား တက်ရောက်လာကြသူများအား ကျန်းမာရေးဦးစီးဌာနမှ COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်နိုင်ရေးအတွက် ဖြန့်ဝေသည့် လက်ကမ်းပိုစတာများ၊ စာစောင်များကို ကင်းထောက်အဖွဲ့ဝင်များက ပညာပေးဖြန့်ဝေပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သတင်းရရှိသည်။
MDN


