ရန်ကုန် ၂၂ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(KOICA)၊ ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် သစ်ပင်၊ သစ်တောများ ပြုန်းတီးမှုမှကာကွယ်ရေး၊ ထင်းသုံးစွဲမှုလျှော့ချရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် လျှပ်စစ်မီးမရရှိသော ကျေးလက်နေပြည်သူများ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဦးက “ကျွန်တော်တို့ မြို့နယ်မှာ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေက ကျေးလက်နေပြည်သူများကို စွမ်းအားမြှင့်မီးဖိုပေါင်း (၆၀၀၀)ကျော် ပေးဝေနိုင်ခဲ့ပြီးဖြစ်ပါတယ်၊ ဖေဖော်ဝါရီ ၁၅ ရက်က ဇီးဖြူကုန်းကျေးရွာအုပ်စုမှာ နေထိုင်ကြတဲ့ ပြည်သူများကို စွမ်းအားမြှင့်မီးဖို (၁၀၄၂)လုံး၊ ဖေဖော်ဝါရီ ၂၂ ရက် ယနေ့မှာလည်း လျှပ်စစ်မီးမရရှိသေးတဲ့ ကရင်ချောင်းကျေးရွာအုပ်စုမှာ နေထိုင်တဲ့ ပြည်သူများကို (၁၀၈)လုံး ထပ်မံပေးအပ်ခဲ့တယ်၊ ဒီလအကုန်ပိုင်းမှာ တွံတေးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု (၂၄)အုပ်စု၊ ကျေးရွာပေါင်း (၆၂)ရွာမှာ နေထိုင်ကြတဲ့ ကျေးလက်နေပြည်သူ အိမ်ထောင်စုပေါင်း ၉၀၀၀ အတွက် စွမ်းအားမြှင့်မီးဖို ၉၀၀၀ ကို အခမဲ့ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
နိုင်လင်းကျော်


