နေပြည်တော် ၂၂ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ဗိသုကာကောင်စီက ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ် အာဆီယံဗိသုကာ လိုင်စင်၊ အကြီးတန်းဗိသုကာလိုင်စင်နှင့် ဗိသုကာလိုင်စင် အသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်စက်မှုတက္ကသိုလ် (စက်မှုခန်းမ)၌ ကျင်းပသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံ၏ မြို့ပြကြီးထွားဖြစ်ထွန်းလာမှု၊ လူမှုစီးပွားဖွံ့ဖြိုးမှုနှင့် အုပ်ချုပ်မှုများ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ အခွင့်အလမ်းအလားအလာများ၊ Building Industry နှင့် Private Sector ၏ အခန်းကဏ္ဍများတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုနှင့်အတူ အတတ်ပညာ၊ နည်းပညာနှင့် လုပ်ငန်းပိုင်ဆိုင်ရာ အခွင့်အလမ်းသစ်များ ပေါ်ထွက်လာပြီး နိုင်ငံတော်မှာ အခြေခံအဆောက်အအုံနှင့် အဆောက်အဦများ တည်ဆောက်ရေးလုပ်ငန်းများသည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့ကြီးများတွင် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ တိုးတက်များပြားလာသည့်အတွက် ခေတ်နှင့်အညီ MEC, MAC ကောင်စီများက အသိအမှတ်ပြုသည့် လက်မှတ်ရအင်ဂျင်နီယာ၊ ဗိသုကာများအနေဖြင့် မိမိတို့၏ ပညာရပ်ဆိုင်ရာ အတတ်ပညာနှင့် Practice လုပ်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပိုမိုများပြားလာပြီး MEC, MAC ကောင်စီများက ချမှတ်သည့် Guideline များနှင့်အညီ ကိုယ်စီတာဝန်ခံ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဗိသုကာများ၊ အင်ဂျင်နီယာများအနေဖြင့် ပညာရပ်ပိုင်း၊ လုပ်ငန်းကျွမ်းကျင်မှုအပိုင်းတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရေး၊ အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် ဝင်ဆန့်ပြီး စွမ်းဆောင်နိုင်သူများဖြစ်အောင် အထူးကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥက္ကဋ္ဌ ဦးမောင်သော်က ဗိသုကာကောင်စီ၏ လုပ်ငန်းစဉ်များ၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ဗိသုကာလိုင်စင်ရရှိသူများ၏ လိုက်နာရမည့် ကျင့်ဝတ်များ၊ ကျင့်ထုံးဆိုင်ရာများနှင့် ပြဋ္ဌာန်းချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အာဆီယံ ဗိသုကာလိုင်စင်ရရှိသူများ၊ အကြီးတန်း ဗိသုကာလိုင်စင်ရရှိသူများနှင့် ဗိသုကာလိုင်စင်ရရှိသူများက ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာခံယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် တာဝန်ရှိသူများက အာဆီယံ ဗိသုကာလိုင်စင်ရရှိသူများ၊ အကြီးတန်း ဗိသုကာလိုင်စင်ရရှိသူများနှင့် ဗိသုကာလိုင်စင်ရရှိသူများကို အသိအမှတ်ပြုလက်မှတ်များအား အစီအစဉ်အတိုင်း ပေးအပ်ကြသည်။
မြန်မာနိုင်ငံဗိသုကာကောင်စီအနေဖြင့် အာဆီယံ ဗိသုကာလိုင်စင်ရရှိသူ (၁၆)ဦး၊ အကြီးတန်း ဗိသုကာလိုင်စင်ရရှိသူ (၂၇၈)ဦးနှင့် ဗိသုကာလိုင်စင်ရရှိသူ (၅၃၃)ဦး စုစုပေါင်း (၈၂၇)ဦးကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


