နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ် “ငြိမ်းချမ်းရေးပွဲတော်၂၀၂၀” ကျင်းပရေးဉီးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်များ တက်ရောက်ခဲ့ကြသည်။

 

5

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဂျပန်နိုင်ငံမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်စေရန် ရည်ရွယ်၍ ဂျပန်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပန်းပင် စိုက်ပျိုးပွဲ ကို(၄)ကြိမ်မြောက် ကျင်းပဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဂျပန်နိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ် “ငြိမ်းချမ်းရေးပွဲတော် ၂၀၂၀” ကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ကျင်းပမည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမိုလွယ်ကူစွာလာရောက် လည်ပတ်နိုင်ရေးအတွက် ဗီဇာဖြေလျှော့မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များနှင့် သာသာရေး၊ လူမျိုးရေးပွဲတော်များ၊ သဘာဝတောတောင်ရေမြေ အလှအပများ၊ နိုင်ငံသားများ၏ ဖော်ရွေပျူငှာမှုများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကမ္ဘာက ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဝန်ကြီးဌာ၏ Website နှင့် Web Portal တို့ကိုလွှင့်တင်ထားရှိပြီး Online မှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်းအချက်အလက်နှင့် နည်းပညာကို အခြေခံသော Digital Marketing စနစ်ဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို အလေးပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင်လည်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်နေမှုများနှင့် ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်ထားရှိမှု၊ ခရီးစဉ်များကို ဆက်စပ်လည်ပတ်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ထားရှိမှု၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးနှင့် အများသုံးသန့်စင်ခန်းများ ဆောင်ရွက်ထားရှိမှု၊ ခရီးစဉ်ဒေသများကို ပြည်တွင်းပြည်ပ ခရီးသွားများသိရှိစေရန် ရုပ်သံမီဒီယာများမှ မြှင့်တင်ကြော်ငြာမှုများနှင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း(၇၅)နှစ်မြောက် အထိမ်းအမှတ် “ငြိမ်းချမ်းရေးပွဲတော် ၂၀၂၀” ကျင်းပရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

4

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ်က မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှု၊ 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များပိုမို လွယ်ကူစွာ လာရောက်လည်ပတ်နိုင်ငံရေးအတွက် ဗီဇာဖြေလျှော့ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ခရီးစဉ် ဒေသအသစ်များ ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဉီးနှင့် တက်ရောက်လာကြသူများက စစ်ကိုင်းတိုင်ဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ် “ငြိမ်းချမ်းရေးပွဲတော် ၂၀၂၀” ကျင်းပရေး ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်